ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

တောင်ပိုင်းစစ်ဒေသအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလ တစ်လတာ တိုက်ပွဲများတွင် ဖာပွန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး သင်္ကန်းညီနောင်ရှိ ခမရ-၃၅၅၊ ၃၅၆ ၊ ၃၅၇ တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲ ငါး ကြိမ်ဆင်နွှဲခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က တပ်စွဲထားသည့် စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ နှင့် စစ်ကောင်စီဒေါက်တိုင်များကို တိုက်ခိုက်ခြင်းများလည်း အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၃၂ ဦးကျဆုံးခဲ့ရပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်း မျိုးစုံနှင့် ကျည်အများအပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၀ ဦးသေဆုံးခဲ့ကာ ၂၄၁ ဦးဒဏ်ရာရရှိခဲ့ပြီး ၅၇ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ Force For Federal Democracy(FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ သိမ်းပိုက်ထားနိုင်သည့် ဖာပွန်မြို့အပါအဝင် ဗျူဟာကုန်းများကို တောင်ပိုင်းစစ်ဒေသမှ တပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မြဝတီ အာရှလမ်းမကြီးတလျောက် ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် တပ်မ-၅၅၊ စကခ-၁၂ လက်အောက်ခံတပ်များကိုလည်း မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ
ပုံစာ – သင်္ဃန်းညီနောင် ခမရ-၃၅၅ တိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
#တောင်ပိုင်းစစ်ဒေသ #ဖာပွန်မြို့သိမ်း #တိုက်ပွဲ #စစ်ကောင်စီသေဆုံး #PDF #KNLA #Ayeyarwaddy_Times