နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

အာဆီယံအနေဖြင့် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်ကို သေချာစွာ နားလည်ခြင်း မရှိသလို အာဏာသိမ်း စစ်ကောင်စီအား ဗဟိုပြုချဉ်းကပ်၍ သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေမှုသည် လွဲမှားသော ပြဿနာတစ်ခုဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြသုံးသပ်သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် အာဆီယံ အတွင်းရေးမှူးချုပ် Dr. KaoKim Hourn တို့သည် နေပြည်တော်ကို လာရောက်၍ မေ ၁၅ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်ပါ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် အာဆီယံ အစည်းအဝေးများ၌ မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာအရ သိရသည်။

အာဆီယံအနေဖြင့် တိုင်းပြည်အသစ် ပြန်တည်ဆောက်ရန် စစ်အာဏာရှင်ကို တော်လှန်နေသော မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်နှင့် မြေပြင်တိုက်ပွဲဝင်နေသည့် အခြေအနေများကို လက်ရှိအချိန်ထိ သေချာ နားမလည်သေးဘဲ ၎င်းတို့၏ အဓိကအလွဲမှားဆုံး ချဉ်းကပ်မှုမှာ စစ်ကောင်စီကို ဗဟိုပြုမှုဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

“အဲဒါက မြန်မာ့အကျပ်အတည်းကို သူတို့ (အာဆီယံ) ဖြေရှင်းဖို့ စဉ်းစားတဲ့အခါမှာ အဖြေထုတ်ရင် ထုတ်တဲ့အဖြေဟာ လွဲနေတာ အဓိကအချက်ထဲ အဲဒါပါတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့က မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းမယ်ဆိုပြီး စစ်အုပ်စုကို သွားသွားပြီး ဦးတည်ဗဟိုပြု အဖြေထုတ်ဖို့ စဉ်းစားနေတယ်။ အဲဒီလိုတွေးပြီး လုပ်နေတာက ပြဿနာတစ်ခု ဖြစ်တယ်” ဟု ဒေါ်ခင်ဥမ္မာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့နှင့် စစ်ခေါင်းဆောင် တွေ့ဆုံစဉ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စရပ်များအ

ပြင် စစ်ကောင်စီ ပြုလုပ်ရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ အခြေအနေနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာတွင် ဖော်ပြပါရှိသည်။

“စစ်အုပ်စုလုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်သူမှ လက်မခံဘူးဆိုတာ သူတို့နားလည်ပုံ မရဘူး။ မြေပြင်အခြေအနေကို သေချာသိအောင် မလုပ်နိုင်တဲ့ သူတို့ရဲ့ အားနည်းချက် ဖြစ်တယ်။ သူတို့ သွားချင်နေတဲ့ ပုံစံက တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုနဲ့ ပြန်ပြီးတော့မှ တွေ့ဆုံညှိနှိုင်းပြီး ပြန်ပေါင်းထုတ်လိုက်ကြဆိုတဲ့ သဘောမျိုးပေါ့” ဟု ဒေါ်ခင်ဥမ္မာက ထပ်မံပြောဆိုသည်။

အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ကစ်တီခွန် (Alounkeo Kittikhoun) သည် ပြီးခဲ့သော ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို ယခုဒုတိယအကြိမ်တွင်လည်း စစ်ခေါင်းဆောင်အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်ပါ တွေ့ဆုံ၍ လူသားချင်းစာနာမှု အကူအညီ ကိစ္စရပ်များ၊ အာဆီယံနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အာဆီယံဘက်ကတော့ စစ်ကောင်စီကို လာပြီးတော့ တီးခေါက်ကြည့်တာ ထင်တယ်။ ပြီးတော့ စစ်ကောင်စီနဲ့ အခြားလက်နက်ကိုင် အင်အားစုတွေ သို့မဟုတ် အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးပွဲဖြစ်အောင် လုပ်ချင်ပုံရတယ်။ ဒီအတိုင်း ထားတာထက်စာရင် သူတို့အဝန်းအဝိုင်းထဲ ထည့်ပြီးတော့ တဖြေးဖြေး ဆွေးနွေးယူမယ်လို့များ စဉ်းစားလားမှ မသိတာ။ တဖြေးဖြေးတော့ စစ်ကောင်စီကို ဆွေးနွေးကြည့်မယ်နဲ့ တူပါတယ်” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မစ္စတာ ကစ်တီခွန် (Alounkeo Kittikhoun)၏ ပထမအကြိမ် မြန်မာ့ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်၊ အပစ်ရပ်အဖွဲ့နှင့် စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်လည်း အွန်လိုင်းမှတဆင့် တွေ့ဆုံကာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အာဆီယံက ကျွန်မတို့ မျှော်ကိုးစရာအကြောင်းလည်း မရှိဘူး။ အာဆီယံမှာ လုပ်နိုင်မယ့် ယန္တရားလည်း မရှိဘူး။ လုပ်နိုင်တဲ့ စွမ်းဆောင်မှုလည်း မရှိဘူး။ လာအိုက ပိုတောင်ဆိုးသေးတယ်။ သူတို့မှာ စွမ်းဆောင်နိုင်စွမ်း မရှိတဲ့အပေါ်မှာ သူတို့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နာမည်ကျန်ဖို့ ကိစ္စမှာ စစ်အုပ်စုကိုပဲ သွားချဉ်းကပ်၊ ဗဟိုပြုပြီးတော့မှ အဖြေထုတ်ဖို့ လုပ်နေတဲ့ဟာက အချိန်တွေ ပိုကြာပြီး ပြည်သူတွေအတွက်၊ တော်လှန်ရေးအတွက် လုံးဝအကျိုးမရှိဘူး” ဟု ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

ဓာတ်ပုံ- စစ်ကောင်စီ
#အာဆီယံ#စစ်ကောင်စီ#ရှေ့ပြေးအသံအဖွဲ့#ဒေါ်ခင်ဥမ္မာ#အာဆီယံ အထူးကိုယ်စားလှယ် #မစ္စတာ ကစ်တီခွန်#
#Ayeyarwaddy—Times-