
အေးကုတ်/ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဩဂုတ်လ ၇ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေဟာ ဆရာ ဆရာမ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ကျွန်ပညာရေးစနစ်ကိုလက်မခံဘဲ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ဖလမ်းမြို့နယ်က ကျေးရွာတရွာရဲ့ စာသင်ကျောင်းမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၁ ဦး ပညာသင်ကြားလျက်ရှိတယ်လို့ ဒေသခံ ကျောင်းကော်မတီအဖွဲ့ဝင်တွေထံက သိရပါတယ်။
“ ခုလိုကျောင်းဖွင့်တဲ့အခါ CNO လက်အောက်မှာရပ်တည်ပြီး သူတို့က ၁ လစာသင်ကြားရေးစာအုပ်ထုတ်ပေးပါ တယ်၊ ပြီးတော့ ဆရာ ဆရာမတွေလည်းစီစဉ်ပေးမယ်လို့ ပြောပါတယ် ခုတော့ ဆရာ ဆရာမ ၄ ဦးရှိပါတယ်” လို့ ဒေသခံကျောင်းကော်မတီအဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ကျေးရွာစာသင်ကျောင်းမှာ KG တန်းကနေ ၈ တန်းအထိ ပညာသင်ယူနေတဲ့ ဒေသခံကျောင်းသား ကျောင်းသူ ၉၁ ဦးကို CDM ဆရာ ဆရာမ ၄ ဦးနဲ့သာ သင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ကျေးရွာစာသင်ကျောင်းကိုတော့ ကျောင်းသားမိဘ ၁ ဦးကို ၅၀၀၀ ထောက်ပံ့ပေးမှုနဲ့ နိုင်ငံခြားက အလှူရှင်တွေရဲ့ အလှူငွေနဲ့ ရပ်တည်နေရ တယ်လို့ သိရပါတယ်။