မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဩဂုတ်လ ၇ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ စစ်ကောင်စီက နှစ် ၂၀ လောက်နောက်ပြန်ရောက်သွားကြောင်း သက်သေပြတဲ့လုပ်ရပ်တွေပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က စားသုံးဆီလိုက်ရောင်းသလိုမျိုးနဲ့ ရပ်ကွက်တွေထဲမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက ဆီလိုက်ရောင်းချတဲ့အပေါ်မှာ ဒေသခံတွေက ခုလိုမျိုးပြောဆိုခဲ့တာပါ။

“ ဆီဈေးလျော့ရောင်းတာတော့ဟုတ်တယ် ဒါပေမယ့် ဆီကသိပ်မကောင်းဘူး စေတနာထားသလိုနဲ့ နာမည် ဝင်ယူနေတာ ဆင်းရဲသားရပ်ကွက်တွေမှာ ပြီးတော့ ခုလိုမျိုး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာအောင် စီမံခန့်ခွဲမှုအားနည်းတာလည်းသူတို့ပဲ အဲ့တာကို မျက်နှာပြောင်တိုက်ပြီး သူတော်ကောင်းနာမည်ဝင်ယူနေတာ” လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဆီလုပ်ငန်းရှင်အသင်းနဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ပေါင်းပြီး အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၁၄ ရပ်ကွက်တွေမှာ စားသုံးဆီ ၁ ပိဿာ ၄၀၀၀ နဲ့ရောင်းချခဲ့ပေမယ့် ဆီတွေက အကြော်ဆီ ပုံစံမျိုးဖြစ်နေတဲ့အပေါ်ဒေသခံတွေကခုလိုပြောဆိုခဲ့တာပါ။

ခုလိုမျိုး စစ်ကောင်စီက စားသုံးဆီလိုက်ရောင်းလို့ လူတွေတန်းစီပြီး တိုးဝယ်နေရတာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင် ဦးသန်းရွှေအစိုးရလက်ထက်က ဖရောင်းတိုင်ရောင်းတာနဲ့ သမဝါယမဆိုင်တွေမှာ ဆန်ဝယ်ဖို့ တန်းစီ တာတွေကို ပြန်အမှတ်ရစေတယ်လို့ နိုင်ငံရေးသမားတဦးက ပြောပါတယ်။

“ လွန်ခဲ့တဲ့ နှစ် ၂၀ ၊ ၁၅ နှစ်လောက်ကို ပြန်ရောက်သွားသလို ခံစားရတာပေါ့ သူတို့က လိုက်သက်သေပြနေ တယ်လို့ပြောရမယ် ခုက ဆီလောက်ပဲဝယ်ရသေးတာ နောက်ဆို ဖရောင်းတိုင်ပါ အရင်လို ပြန်တိုးဝယ်လာရ မယ်” နိုင်ငံရေးသမားတဦးက သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ အခြေခံစားသုံးကုန်ဈေးနှုန်းဟာ ၂ ဆကျော်မြင့်တက် လာတာကြောင့် လက်လုပ်လက်စားအများစုမှာ ထမင်း ၁ နပ်လျော့စားရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ