ဧရာဝတီတိုင်မ်း
(ရေး)၊ ဩဂုတ်လ ၇ ရက်

မွန်ပြည်နယ်၊ရေးမြို့နယ်ကို ညမထွက်ရအချိန် ည ၈ နာရီ မှ မနက် ၄ နာရီအထိ တိုးမြှင့်ကန့်သတ်ချက်အပါအဝင် စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးဌာနက သြဂုတ် ၅ ရက်နေ့ ရက်စွဲဖြင့် ဒေသန္တရအမိန့်ထုတ်ပြန် သည်။

ရေးမြို့နယ်ပြင်ပသို့သွားရောက်မည့်သူများအနေဖြင့် ရပ်ကွက် (သို့)ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာရယူရမည်ဖြစ်ပြီး ပင်လယ်ပြင်သို့ထွက်ခွာသည့်လှေများကိုလည်း လိုက်ပါမည့်သူ၏အမည်စာရင်းနှင့်အတူ ထောက်ခံစာယူပြီးမှ ထွက်ခွာခွင့်ပြုမည်ဟုဆိုသည်။

မြို့တွင်းလမ်းအချို့ကိုလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပီး ဆိုင်ကယ်စီးနင်းရာတွင်လည်းအမျိုးသား ၂ ဦးတွဲမစီးရအပါအဝင် ဆိုင်ကယ်စီးနင်းမှုကန့်သတ်ချက်များကိုလည်းဖော်ပြထားသည်။

သြဂုတ်လ ၃ ရက်နေ့ နေ့လည်ပိုင်းက ရေးမြို့နယ် စစ်ကောင်စီလက်အောက်ခံ လဝကရုံးပစ်ခတ်ခံခဲ့ရပြီး လဝက ဦးစီးမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ကာ ယင်းဖြစ်စဥ် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့အမိန့်ထုတ်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေးမြို့စာသင်ကျောင်းများတွင် စာသင်ကြားနေ သည့်ကျောင်းသားများကို ကျောင်း သားမိဘများကလာရောက်၍ပြန်လည်ခေါ်ယူသွားသဖြင့် ကျောင်းများယာယီပိတ်လိုက်ရကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသည်။