
ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
စစ်ရေးသတင်းနှင့်ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများကို တော်လှန်ရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြနေသော မီဒီယာများထံ လိုက်လံပေးပို့ရန် စစ်ကောင်စီ တပ်က စေခိုင်းထားကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ရေးနှင့်၎င်းတို့၏ ပုဂ္ဂိုလ်ရေးအတွင်း သတင်းကိစ္စများနှင့် ပတ်သက်ပြီး သတင်းတု သတင်းမှားများကို သတင်းမီဒီယာများထံသို့ ရည်ရွယ်ချက်ရှိရှိ လိုက်လံပေးပို့ရန် စေခိုင်းလုပ်ဆောင်လျက်ရှိကြောင်း စစ်တပ်နှင့် ဆက်နွယ်နေသည့် သတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်က ထိုသိုလုပ်ဆောင်ခြင်းဖြင့် ၎င်းတို့ခိုင်းစေထားသူများ ပေးပို့ လာသည့် သတင်းမှားများကို ဖော်ပြခဲ့သည့် သတင်းမီဒီယာများကို ပြည်သူလူထုက အယုံ အကြည်မဲ့လာစေရန်၊ မှန်ကန်သည့် သတင်းဖော်ပြချက်များကိုပါ သတင်းမှားဟု ထင်မြင်လာစေရန်နှင့် စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ထောက်ခံရေးသားခြင်းမရှိသည့် သတင်းမီဒီယာများက ဖော်ပြထားသည့် သတင်းများကို မှန်ကန်မှုမရှိကြောင်း သက်သေပြချက်များနှင့် ထုတ်ဖော်၍ အရှက်ရစေရန် ရည်ရွယ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ကျွန်မဆို သတင်းပေ့ခ်ျ(Page)ကို ကိုင်ရတယ်။ ပေ့ခ်ျကိုလာ ပေးတဲ့ သတင်းတိုင်းကို ကျွန်မတို့က တင်လို့မရဘူး။ စိစစ်ရတယ်။ အခု သတင်းတု သတင်းမှားကို ဘယ်လိုပေးလဲဆိုတော့ ပထမပိုင်း စစ်ရေးသတင်းတွေ၊ အတွင်းရေးတွေကို တိတိကျကျ မှန်မှန်ကန်ကန်ပေးတာ။ ၁၀ ခုပေးရင် ၈ ခုမှန်တယ်။ အဲဒီတော့ ကျွန်မတို့က လာပေးတဲ့ သတင်းပေးသူကို မှန်ကန်တိကျတဲ့ သတင်းရင်းမြစ်အဖြစ် မှတ်ယူပြီး သေချာ ဖော်ပြ လိုက်တဲ့အခါကျတော့မှ စစ်ကောင်စီက ကျွန်မတို့ရဲ့ သတင်းမှားကြောင်း သက်သေနဲ့ တကွ ထုတ်ချလာရော။ အခုနောက်ပိုင်း သတင်းပေးတွေကို သေချာစိစစ်နေရတယ်။ သူ့မယုံ၊ ကိုယ့်မယုံဖြစ်လာကြတာပေါ့”ဟု ပြည်တွင်းမီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အုပ်စုအပေါ် ထောက်ခံရေးသားခြင်းမရှိသည့် သတင်းမီဒီယာတိုက်များကို ပြည်သူက အယုံအကြည်မဲ့လာစေရန်သာမကဘဲ တပ်တွင်း သတင်းပေး ပြည်သူအခေါ် ဖရဲသီးများ ကိုပါ သတင်းမီဒီယာက အယုံအကြည်မဲ့လာစေရန်၊ စစ်ကောင်စီက လုပ်ကြံဖန်တီး ထားသည့် သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်ပြီး ၎င်းသတင်းအစအနမှ တစ်ဆင့် တပ်တွင်းဖရဲသီးကို ဖမ်းဆီးရန်ရည်ရွယ်ကြောင်းလည်း စစ်ရေး သတင်းများကို ပေးပို့နေသူထံက သိရသည်။
“နောက် တပ်တွင်းဖရဲသီးတွေကို ဖမ်းဆီးနိုင်ဖို့ စီမံချက်တစ်ခုအနေနဲ့ကိုဆွဲပြီး အပေါ်ယံ သတင်းထုတ်ပေးထားတာ။ တကယ့် တပ်တွင်း ဖရဲသီးအစစ်ဖြစ်ပေမယ့် ကျွန်မတို့ကို သတင်းအမှန်မပေးနိုင်တော့ဘူး။ ကျွန်မတို့ကလည်း သတင်းရင်းမြစ်က ခိုင်မာနေခဲ့တော့ သတင်းမှားကို ဖော်ပြမိသလိုဖြစ်ကုန်တယ်။ အဲဒီလို ဖြစ်လာတဲ့နောက်ပိုင်း တပ်တွင်း သတင်းရင်းမြစ်ကလည်း သတင်းလာ မပေးရဲတော့ဘူး”ဟု ပြည်တွင်းမီဒီယာတစ်ခုမှ အယ်ဒီတာက ဆိုသည်။
စစ်ကောင်စီသည် တပ်တွင်းသတင်းရင်းမြစ်နှင့် သတင်းမီဒီယာချိတ်ဆက်မှု ပျက်ပြား စေရန်နှင့် တပ်တွင်းသတင်းရင်းမြစ်ကို ဖမ်းဆီးရန်အတွက် လုပ်ကြံသတင်းလွှင့်ခြင်းများ ကို စနစ်တကျလုပ်ဆောင်နေကြောင်း သိရသည်။
“စစ်ကောင်စီက ဆိုက်ဝါး(psywar)ထည့်တဲ့အဖွဲ့ကို တမင်တကာ တကူးတက ဖွဲ့စည်းထားတာရှိတယ်။ အဲဒီအဖွဲ့က ကီးဘုတ်ပြိုင်တူကိုင်ပြီး တစ်ချိန်တည်းမှာပဲ သတင်းတစ်ခုကို ပြိုင်တူဖြန့်တာ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီတို့၊ သူ့ရဲ့နေအိမ် ခြံအမှတ် (၅၄) ကိုပြန်ပို့ပြီတို့၊ သမ္မတကြီးဦးဝင်းမြင့်ကို ထောင်ပြောင်းပြီတို့ သတင်းဖြန့်တာပေါ့။ နောက် အဲဒါမျိုးတွေအပြင် စစ်ရေးမှာအနှောင့်အယှက်ဖြစ်အောင် တပ်အင်အား ဘယ်လောက်နဲ့ ချီတက်လာပြီတို့၊ စစ်အင်အားပြုန်းတီးလို့ တပ်ဆုတ်သွားပြီတို့ ဒါတွေကိုလည်း Facebook နဲ့ တယ်လီဂရမ်ဂရုတွေမှာ ဖြန့်ကြတာ။ အခုသတင်းအတုလိုက်ပေးတဲ့အဖွဲ့က အဲဒီလိုမဟုတ်ဘူး။ သတင်းမီဒီယာတွေရဲ့ Page မက်စင်ဂျာကို သွားပြီး သတင်းလုံးဝလွဲနေတာမျိုးမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်တဲ့ သတင်းမျိုးကို လာပေးတာ။ ၁၀ ချက်မှာ ၅ ချက်မှန်တဲ့ သတင်းမျိုးပေါ့။ ရည်ရွယ် ချက်ရှိရှိကို စစ်ကောင်စီကလုပ်နေတာ” ဟု သတင်း အယ်ဒီတာတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၉ ညရက်နေ့က မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း အစည်းအဝေးလုပ်ရင်း အသေခံဒရုန်းစာမိခဲ့သည့် ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိစ္စနှင့် ပတ်သက်၍ ဒုချုပ်စိုးဝင်းသေပြီဆိုသည့် သတင်းအား မီဒီယာများထံသို့ ပေးပို့ခဲ့သည်ကို သတင်းဌာနအများစုက လက်ခံရရှိခဲ့သည်။
ထို့ပြင် ဒုချုပ်စိုးဝင်း လူမြင်ကွင်းသို့မထွက်နိုင်သည့် ၁၄ ရက် မြောက်တွင်လည်း ဒုချုပ်စိုးဝင်း မျက်နှာတစ် ခြမ်းပျက်စီးပြီး ကိုမာဝင်နေသည်ဆိုသည့် သတင်းကို သတင်းတိုက် ၁၀ ခုထက်မနည်းက လက်ခံရရှိခဲ့ကြသည်။
ထိုသို့ သတင်းတု သတင်းမှားများ ဖြန့်ဝေပြီးနောက် ဒုချုပ်စိုးဝင်း ကျန်းမာရေး ကောင်းမွန်ကာ မော်လမြိုင်စစ်ဆေးရုံတွင် ကြည့်ရှုစစ်ဆေးနေသည့် ပုံများကို စစ်ကောင်စီက ထုတ်ပြလာခဲ့သည်။
ထို့ပြင် လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ၎င်းတို့နှင့် အမှုတွဲ၍ စစ်ခေါင်းဆောင်၏အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ဧပြီ ၁၁ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေသည့် သတင်းကို တပ်တွင်းသတင်းရင်းမြစ်ကပေးသည့် အချက်အလက်များအဖြစ် သတင်းတိုက်များက လက်ခံရရှိခဲ့ကြသည်။
ဒုဗိုလ်ချုပ်ကြီးညိုစောကို လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နှင့်အဖွဲ့ မဘသအဖွဲ့၊ ကြံ့ခိုင်ရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး စစ်ခေါင်းဆောင်ကိုဖြုတ်ချကာ ဒုချုပ်စိုးဝင်းကို နေရာပေးမည်ဆိုသည့် သတင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းတိုက်များကို သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးပို့လာသည့်အချက်အလက်များမှာ မှန်ကန်သည့်အပြင် ဒုဗိုလ်ချုပ်ကြီး ညိုစောမှာလည်း လူမြင်ကွင်းမှပျောက်ကွယ်နေပြီး ၎င်းတက်ရောက်ရမည့် အရေးကြီး အစည်း အဝေးပွဲများတွင်ပါ မတွေ့ရသည့်အတွက် သတင်းမီဒီယာအချို့က ဒုဗိုလ်ချုပ်ကြီး ညိုစောကို ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။
ထိုသို့ဖော်ပြပြီး မကြာမီ မေလ ၁၁ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ခေါင်းဆောင်နှင့်အတူ လူ မြင်ကွင်းရှေ့သို့ ဆွဲထုတ်လာခဲ့သည်။
ထို့ကြောင့် သတင်းမီဒီယာတိုက်များအနေဖြင့် စစ်ရေးသတင်းရင်းမြစ်နှင့် စစ်တပ် အတွင်းပိုင်း ဂယက်များကို ဖော်ပြရာတွင် မီဒီယာရပ်တည်ချက်ခိုင်မာစေရန်အတွက် သတင်းရင်းမြစ်များကို အထူးစိစစ်နေရကြောင်း သိရသည်။
ဓာတ်ပုံ-MOI
ပုံစာ-စစ်ခေါင်းဆောင်ကို ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေး မှူးရုံး၊ မြဝတီရုပ်မြင်သံကြား (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင်တွေ့ရစဉ်
#စစ်ကောင်စီ #စစ်ရေးသတင်း #သတင်းတု #ရည် ရွယ်ချက်ရှိရှိ #မီဒီယာများ #ပေးပို့နေ #Ayeyarwaddy_Times