မြရာ/ဧရာ၀တီတိုင်းမ်
မေ ၁၇ ရက်

မြဝတီကို ဦးတည်နေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းဟာ ဒေါနတောင်ခြေမှာ ရပ်‌တန့်နေခဲ့တာ တစ်လနီးပါးရှိလာနေပါပြီ။

စစ်ကြောင်းတစ်ခုလုံးဟာ ဦးတည်ရာကို မသွားနိုင်ဘဲ လမ်းမှာ ကြားဖြတ် ဖြတ်တောက် တိုက်ခိုက်ခံရပြီး တပ်ရင်း၊ တပ်မတချို့ပါ ပျောက်ဆုံးလုနီးပါ ဖြစ်နေပါတယ်။

တပ်မ (၂၂) ၊ တပ်မ (၄၄) ၊ တပ်မ (၅၅) နဲ့ တပ်မ (၇၇) တို့လို့ နာမည်ကျော်တပ်မကြီးတွေကိုထည့်ပြီး နိုင်ငံတော်အဆင့် စစ်ဆင်ရေးလို့ ကြွေးကြော်ကာ မြဝတီကို ဧပြီ ၉ ရက်နေ့ကစတင်ပြီး ချီတက်ခဲ့တဲ့ ‌အောင်ဇေယျစစ်ကြောင်းဟာ အခုအချိန်အထိ ဒေါနတောင်ကနေ ကျော်‌နိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့်သတ်မှတ်ထားတဲ့ အောင်ဇေယျစစ်ကြောင်းကို တောင်ပိုင်းတိုင်း အမှတ် (၃၂) ဗျူဟာမှဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ Venom နဲ့ အမှတ် (၃၁) ဗျူဟာမှ ကျားဖြူစစ်ကြောင်း၊ Special Operation Group- SOG တို့အပြင် ကရင်ပြည်နယ် တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) , ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တို့ကပါ ရှေ့ဆက်မတိုးနိုင်စေရန်အတွက် ကြားဖြတ်ကာ အပြင်းအထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

“စစ်ကောင်စီက တပ်မကြီးတစ်မနဲ့ အောင်ဇေယျစစ် ကြောင်းဆိုပြီး ချီစစ်နဲ့ ချီတက်လာတာ ရပ်တန့်နေတယ်။ ရှေ့မရောက်ဘူးပေါ့။ ဒါပေမယ့် စစ်ကောင်စီမှာ နောက်ထပ်အရန်စီမံချက် တစ်ခုရှိလိမ့်မယ်။ သူတို့ အနေနဲ့ ကျွန်တော်သိသလောက် ပြောရရင် သူတို့ရဲ့ အရန်စီမံချက်က မြဝတီကိုရောက်အောင်သွားမှာ။ အခြားနည်းလမ်း နဲ့လည်း ရောက်အောင်သွားနိုင်တဲ့ အနေအထားလည်းရှိတယ်။ မြဝတီ ၊ ကရင်ပြည်နယ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပြည်သူတွေက မျှော်လင့်ချက်အကြီးကြီးထားခဲ့ တာ ရှိတယ်။ မြဝတီကို ရလိမ့်မယ်ဆိုတဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်ကြီးကို စစ်ကောင်စီက မင်းတို့မရပါဘူးကွာဆိုပြီး လုပ်လာမယ့်နေအထားရှိတယ်”လို့ CDM ဗိုလ်ကြီး‌ဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

အခုဆိုလျှင် ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်အင်အားပြုန်းတီးနေတဲ့အတွက် ထောက်ပို့ စစ်ကူတွေ ပို့ဆောင် နေရာမှ အင်အားထောင်ချီဖြစ်လာတဲ့ အောင်ဇေယျစစ်ကြောင်းဟာ မိုးဦးမကျမီ မြဝတီကိုချဉ်းကပ်နိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။

“ချီစစ်ကအရှည်ကြီးက ဒီအပေါ်မှာ မြှူစစ်လို့ခေါ်တာပေါ့။ ချီစစ်အပေါ်မှာ အာရုံ ရောက်နေအောင်လုပ်တာကို နယ်မြေခံတော်လှန်ရေးအဖွဲ့တွေကလည်း သိနေကြ ပါတယ်။ အခြားနည်းလမ်းက ရောက်အောင်သွားပြီး တော်လှန်ရေး‌တပ်ဖွဲ့ တွေကို မင်းတို့က မြဝတီတောင်ရအောင် သိမ်းနိုင်တာ မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး လုပ်လိမ့်မယ်။ အဲဒီတော့ မိုးတွင်းအထိတော့ ‌အရောက်ခံမှာမဟုတ်ဘူး။ ဒါကအရောင်ပြချီစစ်လည်း ဖြစ်နေတော့ တခြားနေရာကနေ အရောင်ပြထားပြီး ရောက်အောင်လာလိမ့်မယ်။ စကစရဲ့ အလံတွေပြန်ပြီး ထောင်နိုင်အောင် ကြိုးစားပြီးလုပ်မှာ။ ကျွန်တော်တို့ တော်လှန်ပြည်သူ တွေကို အားလျော့အောင်လုပ်မယ့် အနေအထားလို့ ပြောချင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

မြဝတီမြို့ကို တော်လှန်ရေးအင်အား‌စုတွေ သိမ်းယူနိုင်ဖို့ဆိုတဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးချင်တဲ့စိတ်ဆန္ဒနဲ့ လက်အောက်တပ်ရင်းတပ်ဖွဲ့တွေ သေဆုံးနေတဲ့တိုင် စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေက မိုးဦးရာသီမရောက်မီ တပ်ရင်း၊ တပ်ဖွဲ့တွေကို ရတဲ့နည်းနဲ့ အင်အားတိုးချဲ့ပြီး မြဝတီမြို့မှာ အောင်လံစိုက်နိုင်ဖို့ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

အဆိုပါ အင်အားထောင်ကျော်ရှိနေတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း ကြီးဟာ စစ်ခေါင်းဆောင်တွေရဲ့ ကစားကွက်အောက်တွင် မြှူစစ် အနေနဲ့ ချီတက်လာပြီး မြဝတီမြို့ကို ဝင်ရောက်နိုင်တဲ့ အခြားသော လမ်းကြောင်းတွေက တပ်အင်အားစုဖွဲ့မှုကို ကာကွယ်မှုပြုပြီး အသေခံချီတက်နေတဲ့ စစ်ကြောင်းတစ်ခု ဖြစ်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

🟥အောင်ဇေယျစစ်ကြောင်းရဲ့အစ

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မှာရှိတဲ့ ခမရ-၃၅၅၊ ခမရ-၃၅၆၊ ခမရ-၃၅၇ တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တစ်ဆက်ထဲမှာပဲ မြဝတီမြို့ရဲစခန်းကို ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီမှာရှိတဲ့ စစ်စခန်းတွေကိုပါ တောက် လျှောက်တိုက်ခိုက်ပြီး ဧပြီ ၁၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင် စီရဲ့ မြို့စောင့်တပ် ခမရ -၂၇၅ ကိုပါ ပိတ်ဆို့ပြီး မြဝတီမြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ကာနီးအထိ လုပ်ဆောင် နိုင်ခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့မှာ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မော်လမြိုင်ကို ဆင်းလာပြီး ရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ထဲမှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြဝတီကို စေလွှတ်ဖို့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို စတင်ခဲ့တာပါ။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ နိုင်ငံတော်အဆင့်စစ်ကြောင်းဟာ လမ်းပေါ်မရောက် ခင်မှာဘဲ ရှားထူးဝေါနည်းပညာနဲ့ အသေခံဒရုန်းဗုံးချ တိုက်ခိုက်ခြင်း ခံလိုက်ရတာမို့ စီစဉ်ညွှန်ကြားသူကိုယ်တိုင် လူမြင်ကွင်းကနေ တစ်လနီးပါး ပျောက်ကွယ်သွားခဲ့ရ ပါတယ်။

🟥အောင်ဇေယျစစ်ကြောင်း စတင်တိုက်ခံရပြီ

တပ်မ (၅၅) ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း တပ် ဖွဲ့ဝင် အင်အားနှစ်ထောင်အပြင် တင့်ကားတပ်ရင်း၊ ယန္တရားတပ်ရင်း၊ လက်နက်ကြီးတပ်ရင်း၊ ဒရုန်းတပ် ဖွဲ့တွေနဲ့ မြဝတီမြို့ကိုပြန်လည် သိမ်း ပိုက်ဖို့ ဧပြီ ၉ ရက်နေ့မှာ စစ်ကူတက်လာချိန်မှာပဲ ကော့ကရိတ်မြို့ နယ်ထဲအရောက် တော်လှန်ရေးတပ် ဖွဲ့များရဲ့ စတင်ကြားဖြတ်တိုက်ခိုက်ခံရပြီး အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး သံချပ်ကာ ကားတစ်စီးလည်း ပျက်စီးသွားခဲ့ရပါတယ်။

ရှေ့ဆက်တက်လာတဲ့ အဲဒီစစ်ကြောင်းကို ကျုံဒိုး၊ ချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ့ရွာတွေအထိ ကျားဖြူ စစ်ကြောင်းက လိုက်လံတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သားအများအပြား ထပ်မံသေဆုံးခဲ့ပါတယ်။

အဲဒီအောင်ဇေယျစစ်ကြောင်းဟာ ကော့ကရိတ်မြို့အနီးက ရွာသစ်ကုန်းကျေးရွာ အနီးမှာပဲ သုံးရက်လောက် ရှေ့ဆက်မတက်နိုင်ဘဲ အင်အား ၆၀ နီးပါးလည်း သေဆုံးလျော့နည်းသွားခဲ့ပါတယ်။

🟥အောင်ဇေယျစစ်ကြောင်း အင်အားစနည်းပြီ

ဧပြီ ၁၁ ရက်နေ့မှာတော့ ခလရ -၂၇၅ တပ်ရင်း တပ်စခန်းကို KNLA မှဦးဆောင်ပြီး KNDO နဲ့ PDF အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီဟာ မြဝတီမြို့ကို ပြန်လည်ရရှိရေး အောင်ဇေယျစစ်ကြောင်း နာမည်နဲ့ နိုင်ငံတော်အဆင့် စစ်‌ဆင်ရေးဖော်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းရုံး KNU က ထုတ်ပြန်ပါတယ်။

မြဝတီမြို့ကို ထိန်းချုပ်ဖို့ တက်လာတဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နေ့စဉ်ရက်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် ထိခိုက်သေဆုံးပြီး ရှေ့သို့ ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက် တောင်ခြေမှာသာ ရပ် တန့်နေခဲ့ရတယ်လို့ KNU က ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဧပြီလ ၂၁ ရက်နေ့ကလည်း ကော့ကရိတ်မှ မြဝတီမြို့ကို အတင်းထိုးစစ်ဆင်တက်လာတဲ့ အောင် ဇေယျစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ် ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်လေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး သံချပ်ကာယာဥ်တစ်စီး၊ စက်သေနတ်တပ်ဆင်ထားသော စစ်သုံးယာဉ် နှစ်စီး၊ ပွိုင့် ၅ တစ်လက်အပါအဝင် လက်နက်ငယ် ၁၁ လက်နဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ KNU ကဆိုပါတယ်။

🟥စစ်ကြောင်းကို စောင့်မျှော်နေသူများလည်း သေကုန်ပြီ

အောင်ဇေယျစစ်ကြောင်းကို စောင့်မျှော်ပြီး ခလရ -၂၇၅ တပ်ရင်းထဲမှာ အသေခံတိုက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခြေအနေမလှတော့တဲ့အတွက် ဧပြီ ၁၁ ‌ရက်နေ့မှာ ထိုင်း-မြန်မာ ချစ်ကြည် ရေးတံတား အမှတ် (၂) အောက်ကို ထွက်ပြေးတိမ်း ရှောင် ခိုအောင်းနေခဲ့ရပါတယ်။

စစ်ကူရောက်မလာတဲ့အဆုံး ဧပြီလ ၂၀ ရက်နေ့မှာတော့ တံတားအောက်ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃၀ ဦးအထက် သေဆုံးပြီး တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက်အပါအဝင် ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါ တယ်။

တိုက်ပွဲအတွင်း မြဝတီမြို့ခံ ၁၀ ဦးနီးပါး သေဆုံးခဲ့ပြီး စစ်ရှောင်တစ်သောင်းခန့်လည်း သောင်ရင်း မြစ်ကိုကူးပြီး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

စစ်ကောင်စီက ၂၇၅ တပ်ရင်းအနီးနဲ့ မြဝတီမြို့ပေါ်ကို ဗုံးတွေကြဲချခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒေသခံပြည်သူတွေကို ငဲ့ညှာပြီးနောက် ဆုတ်ခဲ့တာကြောင့် အမှတ် (၂) တံတားမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အသက်ဘေးအန္တရာယ်က သက်သာရာ ရခဲ့ပါတယ်။

🟥အောင်ဇေယျစစ်ကြောင်းကတပ်မတချို့ လမ်းတွင်ပင် အစပျောက်

နိုင်ငံတော်အဆင့် အသေခံစစ်ကြောင်းကြီးရဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) လက်အောက်ခံ ခမရ ၂၃၀ မှ စစ် ကောင်စီတပ်သားအချို့ဟာ မေ ၄ ရက်နေ့က ကျားဖြူစစ်ကြောင်းထံလက်နက်တွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်မှ နိုင်ငံတော်အဆင့်လို့ဆိုကာ တပ်ရင်း၊ တပ်မ သုံးခုထက်မနည်း အသုံးပြုပြီး ထုတ်နုတ်ဖြည့်တင်းပြီး စစ်ကြောင်းထိုး နေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ကလည်း ‌အောင်ဇေယျစစ်ကြောင်းက တပ်မ (၅၅) လက်အောက်ခံ ခလရ-၉၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်းဆိုသူဟာ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ရေးသားထားတာကို တွေ့ရပါတယ်။

လက်နက်ချအညံ့ခံပြီ စစ်ကောင်စီတပ်ထံပြန်ရောက်သူတွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ တပ်သားတွေနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံမရှိတဲ့သူတွေနဲ့ အင်အားဖြည့် တင်းထားတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ယခင်နည်းတူ လက်နက်ယူအလင်းဝင်သူတွေ သေဆုံးသူတွေနဲ့ တပ်ရင်းလိုက် ပျောက်ဆုံးမှု တွေရှိတယ်လို့ သိရပါတယ်။

“ဒုချုပ်ကိုယ်တိုင်ဦးစီးပြီးတော့ ကွပ်ကဲနေတဲ့ နိုင်ငံ တော်အဆင့် စစ်ကြောင်းဖြစ်လို့ အထိနာနေပေမယ့်လည်း နောက်မဆုတ်ရဲဘဲ ရှိတဲ့အင်အားနဲ့ ရှေ့တိုးလာနေတာ။ လေကြောင်းပစ်ကူကလည်း တောက် လျှောက်ပေးတာ၊ စစ်ကြောင်းကကျန်တဲ့ ကားတွေ လက်နက်တွေကို စိစစ်သယ်ယူဖို့ အချိန်မရှိအောင် လေကြောင်းက ဆက်တိုက်တက်နေတာ။ အကုန်ဖျက်ဆီးထားခဲ့ရတယ်”ဟု တော်လှန်ရေးရဲဘော်တစ် ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများ ခဲ့တဲ့ တပ်မ (၄၄) မှ တပ်မမှူးတွေရဲ့ နေရာအဆင့်ဆင့်ပြောင်းလဲခဲ့ပြီးနောက် မကြာခင်ကရောက်ရှိနေတဲ့ တပ်မမှူးအသစ်ရဲ့ လက်အောက်ခံတပ်ဖြစ်တဲ့ ခမရ ၁(သထုံ) တပ်ရင်းမှ စစ်ကြောင်း ၂ ကိုဦးဆောင်တဲ့ ဒုတပ်ရင်းမှူး စိုင်းအောင်သက်နိုင်မြင့် အပါအ၀င် တပ်ရင်းလိုက် ပျောက်ဆုံးနေတယ် လို့လည်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရ ပါတယ်။

အင်အား ၅၀ ကျော်ရှိတဲ့ အဲဒီတပ်ရင်းက ကရင် ပြည်နယ် တပ်မဟာ (၆) နယ်မြေရှိ သေ့ဘောဘိုးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ရင်း လိုက်ပျောက် ဆုံးနေတာဖြစ်ပြီး ဆက်သွယ်လို့မရဘဲ DKBA ထဲကို ဝင်ရောက်ခိုလှုံသွားတာ ဖြစ်နိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

“ဒုတပ်ရင်းမှူးဦးစီးတဲ့ ခမရ-၁ စစ်ကြောင်း အမှတ် (၂) တစ်ဖွဲ့လုံး ပျောက်နေတာ။ တစ်ဖက်အဖွဲ့ဆီကို ဝင်တာ မဟုတ်ရင် DKBA ထဲ ဝင်သွားတာလည်း ဖြစ်နိုင်တယ်။ မေ ၃ ရက်နေ့ကတည်းက ဆက်သွယ်မရတော့တာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောပါတယ်။

တပ်မ (၄၄) လက်အောက်ခံတပ် ခမရ-၁ (သထုံ) တပ်ဖွဲ့က သေ့ဘောဘိုးဒေသတွင်းမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ ဧပြီ လကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယခု မေလပထမပတ်မှာ ပျောက်ဆုံး ခဲ့တာပါ။

🟥အသေအပျောက်များနေသော်လည်း အင်အားတိုးရှေ့ဆက်ခိုင်း

အောင်ဇေယျစစ်ကြောင်း ချီတက်လာတဲ့လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် ခံရတဲ့အတွက် စစ်အင် အားရာနဲ့ချီ လျော့နည်းလာတာကို Y-12 ထောက်ပို့ လေယာဉ်အပြင် စစ်သုံးကားတွေနဲ့ပါ စစ်ကောင်စီက တောက်လျှောက် စစ်အင်အား ဖြည့်တင်းပေးနေခဲ့ပါတယ်။

အခုဆိုလျှင် ဒေါနတောင်ခြေတွင် ရှေ့ဆက်မတက်နိုင်ဘဲ ပိတ်မိနေတဲ့ စစ်အင်အားမှာ ၉၀၀ နီးပါးခန့်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအားထားနေတဲ့ အောင်ဇေယျစစ်ကြောင်းမှ တပ်မ (၅၅) ဟာ ကရင်ပြည်နယ်က စစ်ကြောင်းနယ်မြေတွေကို ကျွမ်းကျင်တဲ့တပ်မ မဟုတ်ဘဲ ကလောအခြေစိုက်တပ်မတစ်ခုဖြစ်တာကြောင့် စစ်ကြောင်းကနေခွာပြီး လက်နက်ယူ ထွက်ပြေးတာ၊ အလင်းဝင်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဦးဆောင်ပြီး စစ်ကြောင်းထိုးလာတဲ့ တပ်မ (၅၅) ဟာ အောင်ဇေယျစစ်ကြောင်း ကိုမရောက်ခင် ကရင်နီဒေသနဲ့ ရှမ်းမြောက်ရှေ့တန်းနယ်မြေတွေမှာလည်း သေဆုံး၊ ပျောက်ဆုံးမှုများပြီး တပ်ရင်းတပ်ဖွဲ့ ပုံစံပျက်နေတဲ့ တပ်မဖြစ်ပါတယ်။

ယခုတိုက်ပွဲမှာလည်း ထပ်မံ သေဆုံးနဲ့ လက်နက်ချ အညံ့ခံမှု၊ ထွက်ပြေးပျောက်ဆုံးမှုတွေ ရှိနေတာကြောင့် တပ်မ (၅၅) ဆိုတဲ့ နာမည်သာကျန်တော့ပြီး လူမရှိသလောက် ဖြစ်နေပါတယ်။

ဒါကြောင့် စစ်ကောင်စီက တပ်မ (၅၅) နေရာကို တပ်မ (၇၇) နဲ့ အစားထိုး လူအင်အားဖြည့်တင်းမှုတွေကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်ပြီး Y -12 ထောက်ပို့လေယာဉ်တွေနဲ့ လူအင်အားထပ်မံပို့ဆောင်ခဲ့တယ်လို့ လည်း သိရပါတယ်။

တပ်မ (၅၅) တပ်က ၁၀၂၇ စစ်‌ဆင်ရေးမှာ လောက် ကိုင်မကျရေးအတွက် စစ်ကူလွှတ်ချိန်တွင် လက်နက် ချခဲ့တဲ့တပ်မဖြစ်ပါတယ်။ လောက်ကိုင်ကို အပို့မခံရခင် ကရင်နီနဲ့ ရခိုင်ဘက်မှာ တာဝန်ကျနေရာကနေ လောက်ကိုင်ကို စစ်ကူပို့ခံရ တာပဲဖြစ်ပါတယ်။

“ပြောရရင်တပ်တွေက အရင်ကတည်းက စစ်ပမ်းနေပြီ။ နောက်တန်းလည်းမပြန်ရ။ လူစားလဲမချိန်းနဲ့။ စိတ်ဓာတ်တွေကကျနေပြီ။ အဲဒါကိုမှ နောက်တစ်နေ ရာအပို့ခံရတော့ လက်နက်ချကြရော။ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းတွေအကုန်လုံးက စစ်ပမ်းနေ ကြပြီ”ဟု တပ်သတင်းရင်းမြစ်ကပြောပါတယ်။

တပ်မ (၅၅) ဟာ ယခင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မမှူးလုပ်ခဲ့တဲ့ တပ်မလို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ နယ်မြေကြမ်းတမ်းတဲ့ ကရင်ပြည်နယ် ဒေါနတောင်ခြေလိုနေရာမှာ လူအင်အားပြုန်းတီးဆုံးရှုံးမှု များနေပေမယ့် ထပ်တိုး လူအင်အားတွေနဲ့ မြဝတီကို ရှေ့ဆက်ဖို့လုပ်ဆောင်နေတာတွေရှိနေတာကြောင့် ရှေ့ဆက်နိုင်မှာလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ မိုးဦးမကျခင် မြ၀တီကို မရောက်ခဲ့ဘူးဆိုရင် လေယာဉ်နဲ့ လက်နက်ကြီးပစ်ကူကို အဓိကထား အသုံးပြုနေရတဲ့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကို ယှဉ်နိုင်တော့မှာမဟုတ်ဘူးလို့ စစ်ရေးကို လေ့လာသုံး သပ်သူတွေက ဆိုပါတယ်။

#နိုင်ငံတော်အဆင့်စစ်ကြောင်း #မိုးဦးမကျခင် #ဒေါနတောင် #သတင်းဆောင်းပါး #Ayeyarwaddy_Times