ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်( မေ ၂ ရက်မှ ၁၆ ရက်နေ့အထိ နှစ်ပတ်ဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

ကမ္ဘာကြီးပူနွေးလာမှု အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်အမြင့်ဆုံးဖြစ်နေသော မေလတွင် အထွေထွေကုန်ဈေးနှုန်းက အပူချိန်နှင့်အတူလိုက်ပါမြင့်တက်နေသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းထားများမြင့် တက်ကာ အမေရိကန်ဒေါ်လာဈေး၊ အကယ်ဒမီ အခေါက်ရွှေဈေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အကျမရှိဘဲ ဆက်လက် မြင့်တက်နေသည်။

မြန်မာ နိုင်ငံသားများ၏ စိတ်နှလုံးသည် ရာသီဥတုအပူချိန်နှင့်အတူ ကုန်ဈေးတက်မှု အပူမီးကြောင့် ငြီးတွားနေရပြီဖြစ်သည်။

ယခုနှစ်နွေတွင် လျှပ်စစ်မီးပြတ်တောက်မှုများသဖြင့် မီးစက်ခ၊ မီးသွေးဖိုး၊ ဂက်စ် ဖိုး နောက်ဆက်တွဲကုန်ကျစရိတ်များစွာကုန်ကျလျက်ရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် တစ်ပတ်နှင့်တစ်ပတ်အတက်အကျရှိသည်။ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးစရိတ် အများပြည်သူသုံး လိုင်းကားခဈေးတက်မှု အိမ်ငှားခနေထိုင်စရိတ်များအပါအဝင် စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူများခံစားနေသည်။

ပြည်တွင်း၌လုပ်ခလစာလျော့နည်းပြီး ကုန်ဈေးနှုန်းများတက်နေ၍ အောက်ခြေ လူတန်းစားများအပါအဝင် လခစားဝန်ထမ်းများပါ အခက်အခဲများကြုံတွေ့နေရသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

ယခုသီတင်းပတ်တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းက ရက်ပိုင်းအတွင်း ကျပ် ၄၀၀၀ ကျော်သွားသည်။ မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက်လျော့နည်းလာသည်။ နိုင်ငံခြားငွေ လျော့နည်းနေသောစစ်ကောင်စီသည် ယခုမေနှစ်ပတ်အတွင်း ဗဟိုဘဏ်မှ Online Trading Platform တဆင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များထံ မည်သည့်နိုင်ငံခြားငွေမှ ရောင်းချပေးနိုင်ခြင်း မရှိကြောင်းတွေ့ရသည်။

အမေရိကန်ဒေါ်လာဈေးနှုန်းသည် မေ ၂ ရက်နေ့တွင် တစ်ဒေါ်လာ ၃၉၈၀ ကျပ်ရှိရာမှ မေ ၁၆ ရက်နေ့တွင် ၄၁၅၀ ထိ‌ဈေးမြင့်တက်သွားသည်။

“ဒေါ်လာဈေးကဆက်တက်ဦးမှာလားမသိဘူး။ ရောင်းစရာမရှိတော့ဒေါ်လာအဝင် မရှိ ဘူး။ ဘယ်လိုတွေဖြစ်မလဲမသိတော့ဘူး” ဟု ကုန်သွယ်ရေးလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြည်ပသို့သွားရောက်သူများသည် အမေရိကန်ေဒါ်လာကို AD လိုင်စင်ရဘဏ်များ၏ ငွေလဲကောင်တာတွင် ဗဟိုဘဏ်သတ်မှတ်ဈေး Online Trading Rate အပေါင်း ၁၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ လိုင်စင်မရှိဘဲရောင်းချသည့် ငွေလဲကောင်တာများနှင့် သတ်မှတ်ဈေးဖြင့်မရောင်းသည့် ငွေလဲကောင်တာများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က မေ ၁၄ ရက်နေ့တွင်ထမ်မံထုတ်ပြန်ခဲ့သည်။

ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းသည် မေ ၂ ရက်နေ့တွင် တစ်ယွမ်လျှင် ၅၄၀ ကျပ်ရှိရာမှ ၁၆ ရက်နေ့တွင် ၅၆၇ ကျပ် ရှိကြောင်းဈေးကွက်အတွင်းသိရသည်။

ထိုင်းဘတ်ငွေလဲနှုန်းထားတွင် မေ ၂ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၀၇ ကျပ်ရှိပြီး ၁၆ ရက်နေ့တွင် ၁၁၀ ကျပ်ရှိကြောင်းစုံစမ်းသိရသည်။

“ ဒီငွေလဲနှုန်းထားတွေနဲ့ဘာလုပ်ရမလဲ မသိတော့ဘူး။ ဈေးတွေ အကုန်တက်နေတော့ လူတွေကမလိုတာတွေမဝယ်တော့ဘူး။ ဘာဆက် လုပ်ရမလဲ မသိဘူး ” ဟု အွန်လိုင်းမှ အလှကုန်ရောင်းချသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

#ပြည်တွင်းရွှေဈေးနှုန်း

နိုင်ငံရေး၊စီးပွားရေး‌အခြေအနေများကြားတွင် ပြည်တွင်းရွှေဈေးနှုန်းက ဆက်တိုက် မြင့်တက်လာသည်။ ယခုနှစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ် သုံးသိန်းကျော်မြင့် တက်လာသည်။

အကယ်ဒမီအခေါက်ရွှေဈေးသည် မေလ ၂ ရက်နေ့တွင် ၄၇ သိန်းကျော်ရှိရာမှ ၁၆ ရက်နေ့တွင် ကျပ် သိန်း ၅၀ ကျော်သွားပြီဖြစ်သည်။

မေ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၀၀၅,၀၀၀ သိန်းရှိကာ မေ ၂ ရက်နေ့တွင် ၄,၇၅၅,၀၀၀ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

“ရွှေဈေးတက်နေလည်း ရွှေဆိုင်သွားရင် ရွှေဝယ်သူတွေအများကြီးရှိနေတယ်။ ပိုက်ဆံထားစရာနေရာမရှိတဲ့သူတွေပဲဝယ်နိုင်မှာ။ နယ်တွေမှာ အခေါက်ကို ငါးမူးသားအတုံးလေးရတယ်။ အခုဝယ်နေကြတာ ၁၅ ပဲရည်ကိုအလျော့တွက်နည်းတဲ့ ပြောင်ကွင်းတွေဝယ်ကြတာတွေ့တယ် ” ဟု ရွှေဝယ်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရွှေအထည်များဝတ်ဆင်သည့် ၁၅ ပဲရည်အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၄၇ သိန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း ပြင်ပပေါက်ဈေးနှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရည်ညွှန်းဈေးနှုန်းထားတွင် တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းကျော် ကွာဟ လျက်ရှိကြောင်း သိရသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

ပြည်ပသွင်းကုန်စက်သုံးဆီဈေးနှုန်းသည် စစ်ကောင်စီထိန်းချုပ်နေသည့် ကြားကပင် တဖြည်းဖြည်းမြင့် တက်လာနေသည်။ တစ်လအတွင်း ဓာတ်ဆီနှင့် ဒီဇယ်အမျိုး အစား များထဲက တစ်လှည့်စီဈေးနှုန်း အတက်အကျဖြစ်စေရန်ထိန်းချုပ်လျှက်ရှိသည်။

ယခုတစ်ပတ်အတွင်းစက်သုံးဆီဈေးနှုန်းအကျတွင်ရှိနေသည်။ တစ်လီတာလျှင် ကျပ် ၇၀ မှ ၂၀၀ ကျပ်ကြားဈေးကျသော်လည်း အခြားကုန်စည်ဝန်ဆောင်မှုများ ဈေးကျခြင်း မရှိပေ။

မေ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၄ တစ်လီတာ ၂၆၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၇၅၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၉၅ ကျပ် နှင့် ဒီဇယ် ၂၃၄၅ ကျပ်ဖြစ် ကြောင်းသိရသည်။

မေလ ၂ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၈၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၉၆၀ ၊ ပရီမီယံဒီဇယ် ၂၄၆၀ ကျပ်နှင့် ဒီဇယ် ၂၄၁၀ ကျပ် ရှိကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အယ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်နေသဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်နေသည်။ လက်ရှိဆန်၏ဈေးသည် ပြီးခဲ့သည့်လနှင့်နှိုင်းယှဉ်ပါက တန်းမြင့် ဆန်ဈေးတက်ပြီး ဆန်ကြမ်းမှာမူ ဈေးအနည်းငယ်ကျကြောင်း စုံစမ်းသိရသည်။

ပြည်တွင်းထုတ်ကုန် အချိုရည်များ၊ စားသောက်ကုန်ပစ္စည်းများဈေးတက်နေသည်။ ထို့ပြင် ပြင်ပသွင်းကုန်ပစ္စည်းများ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

” ရာသီဥတုပူတော့ ရေသန့် အချိုရည်သောက်တာများကြတယ်။ အချို့ရေသန့်ဗူးတွေဆို ပစ္စည်းပြတ်တဲ့အထိပဲ။ အချိုရည်‌တွေဆို ဒီလထဲဈေးအ‌တော်တက်တယ်။ အချို့တံဆိပ် တွေဆို ဈေးကွက်ထဲဝယ်မရဘူး။ ကုမ္ပဏီကပစ္စည်းဖြတ်ချလိုက်တာမျိုးတွေ လုပ်တယ် ” ဟု ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောကြားသည်။

ရာသီဥတုပူပြင်းချိန်တွင် အချိုရည်မျိုးစုံက အရောင်းရဆုံးဖြစ်နေပြီး Royal D ဓာတ်ဆားအချိုရည် လက်လီတစ်ဗူးလျှင် ကျပ် ၁၀၀၀ မှ ၁၃၀၀ ထိဈေး မြင့်တက်လာသည်။။

လက်ရှိဆန်ဈေးသည် ဈေးအမြင့်တွင်အေးနေပြီး ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျပ် ကြားဈေးအတက်၊အကျဖြစ်နေသည်။ ဆန်ချောဈေးတက်ပြီး ဆန်ကြမ်းဈေးကျကြောင်း ဆန်လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောကြားသည်။

လက်ရှိဆန်ဈေးသည်ဈေးတန်းအမြင့်တွင်ရှိနေကာ ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၆၅,၀၀၀ ကျပ်မှ ၁၇၃,၀၀၀ ကျပ်၊ ကျားပျံ ၁၄၇,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ် ၊ တောင်ပျံ ၁၅,၀၀၀ ကျပ်မှ ဈေးကျကာ ၁၄၂, ၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၃၀,၀၀၀ ကျပ်မှ ၁၃၆,၀၀၀ ကျပ်ရှိကြောင်း သိရသည်။

ထို့ပြင် ပေါ်ဆန်းရိုးရိုး ၁၂၈,၀၀၀ ကျပ် မှဈေးကျကာ ၁၁၅,၀၀၀ ကျပ်၊ ဇီယာ ၉၅၀၀ ကျပ်မှ ၈၆၀၀၀ ကျပ် ရှိကြောင်း ဆန်လက်လီ လက်ကားရောင်းချသူထံက သိရသည်။

ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီ သတ်မှတ်ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းစားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၂၂၀ ကျပ်ဖြင့်နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅,၂၂၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် သယ်ယူစရိတ်နှင့် ဝန်ထမ်းခများပေါင်းကာ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဖြင့် ရောင်းကြောင်း လက်လီဆီအရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင် ပြည်သူများတန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။

#စားဖိုဆောင်သီးနှံများ

အနောက်တောင်မုတ်သုံလေ မဝင်ရောက်ခင်အထိ ရာသီဥတုပူပြင်းနေမည်ဖြစ်ကာ ဟင်းသီးဟင်းရွက်များဈေးမြင့်တက်နေပြီး စားဖိုဆောင်သီးနှံဈေးနှုန်းသည် အမြင့်ဈေး တွင်ရှိနေဆဲဖြစ်သည်။

စားဖိုဆောင်သီးနှံ ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ကျပ် ၅၀၀ တက်ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစားသုံးမှုများသော မြေပဲဆံဈေးနှုန်းမြင့် တက်လာကာ ပြည်ပပို့ကုန်ပဲတီစိမ်း၊ မတ်ပဲဈေးများမြင့်ကြောင်း ပဲရောင်းသူတစ်ဦးက ပြောကြားသည်။

ယင်းပြင်အာဟာရတန်ဖိုးမြင့်ပြီး အသားဓာတ်ရရှိရေးအတွက် အားထားကာ စားသုံးနေရသည့် ကြက်သားဈေးနှုန်းမြင့်တက်ကာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ နီးပါးဈေးရောက်ရှိနေကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောကြား သည်။

” ကြက်သားဈေးက တက်ပြီးရင်ပြန်ကျတယ်။ အခုတော့မကျသေးဘူး။ ကုန်ဈေးတွေ တက်နေတာ့ ချွေတာစားနေရတာပဲ။ ချင့်ချိန်သုံးရတာ ခေါင်းတောင်ကိုက်နေပြီ။ ကုန်ဈေးနှုန်းကသာတက်နေရာ ဝန်ထမ်းတွေလစာတိုးမရဘူး။ ကလေးတွေအတွက် ဆိုလည်း မုန်တွေဈေးကြီးလာတယ်။ စိတ်ညစ်စရာပဲ ” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မ တစ်ဦးက သက်ပြင်းချ၍ ညဉ်းတွားပြောဆိုသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် မေ ၂ ရက်နေ့မှ မေ ၁၆ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း #ပြည်တွင်းရွှေဈေး #စက်သုံးဆီဈေး #အခြေခံစားသောက်ကုန်ဈေးနှုန်း #မေ၂မှမေ၁၆ရက် #Ayeyarwaddy_Times