
ဧရာဝတီတိုင်းမ်
မေ ၁၆ရက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ နမ်ခမ်းရှိ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။
ယနေ့ မေ ၁၆ရက် နံနက် ၇နာရီ ၂၀မိနစ်အချိန်ခန့်က တနိုင်းမြို့နယ်၊ နောင်လုံကောင်ရာရွာ အနောက်ဘက်ရှိ နမ်ဗျူ နမ်ခမ်းရွှေမှော်အနီး အခြေစိုက်ထားသည့် စစ်ကောင်စီ၏ စစ်စခန်းကို KIA တပ်ဖွဲ့နှင့် KPDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“တပ်ရင်းနှစ်ရင်းပေါင်း အခြေစိုက် အခွန်ထိုင်ကောက်ပြီး ရွှေမှော်လုပ်ငန်းကို ကြပ်မတ်နေတဲ့အဖွဲ့လို့ သိထားပါတယ်။ ၁၁ရက်နေ့ကနေ စတိုက်တာ။ တစ်ပတ်လောက်တော့ တိုက်လိုက်ရတယ်။ စစ်ကောင်စီကလည်း စခန်းကို အပါမခံနိုင်ဘူး။ လေယာဉ်မျိုးစုံနဲ့ကို ဗုံးကြဲ ပြီး ကာကွယ်ပေးနေတာ။ အခု စခန်းသိမ်းပြီး နာရီအနည်းငယ်ကြာတဲ့အထိ လေယာဉ်ဝဲတုန်း” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နမ်ဗျူ နမ်ခမ်းရွှေမှော်အနီးရှိ စစ်စခန်းသည် စစ်ကောင်စီ၏ ခလရ -၂၆၀ နှင့် ခလရ -၂၉၇ တို့အခြေ စိုက်ထားသည့် စစ်စခန်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-8၊ Y-12လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နမ်ဗျူနမ်ခမ်းစစ်စခန်းကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် မေ ၁၁ရက် နံနက် ၆နာရီ ၃၀မိနစ်ခန့်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIA တပ်မဟာ (၂) ၊ တပ်ရင်း-၁၄ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ တွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး အဆိုပါ စစ်စခန်းအနီး ကျေးရွာရှိဒေသခံများမှာ ထိုစဉ်ကတည်းက ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်၍ စစ်စခန်းနှင့် ရွှေမှော် လုပ်ငန်းလုပ်ကိုင်သူအချို့သာ ရှိကြောင်း သိရသည်။
လက်ရှိတွင် KIA က မြစ်ကြီးနား- ဗန်းမော်၊ လွယ်ဂျယ်၊ မိုးမောက်၊ ဖားကန့်၊ ဝိုင်းမော် မြို့နယ်များရှိ စစ်ကောင်စီ၏ စစ်စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
#တနိုင်း #စစ်ကောင်စီ #နမ်ဗျူနမ်ခမ်း #ရွှေမှော်အနီးစစ်စခန်း #KIAတိုက်ခိုက် #သိမ်းပိုက် #Ayeyarwaddy_Times