ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မေ ၁၆ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃၈ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီ၏ မြို့အနီး ပတ်ဝန်းကျင်နှင့် ကျေးရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်သောကြောင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် အုံကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများကို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“စစ်ကောင်စီက စစ်ဘေးရှောင်တဲ့ နေရာထိကိုလာပြီး ဖမ်းသွားတာပါ။ အကုန်လုံး အမျိုးသမီး၊ အမျိုးသားအပါဝင် ၃၈ ဦး ရှိတယ်။ အခု ဖမ်းသွားတဲ့ လူတွေနဲ့ အဆက်သွယ် လုံးဝ မရသေးဘူး။ ဓားစားခံဖမ်းသွားတာလား၊ လမ်းပြခေါ်သွားတာလာ မသိသေးဘူး။ သူတို့အတွက် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သွားသူများတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂၇ ဦးရှိပြီး ယနေ့ထိ အဆက်သွယ်မရသေးကြောင်း သိရသည်။

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်၍ အရေအတွက် အတိကျမသိရှိရသေးကြောင်းနှင့် မြေပြင်တွင် စစ်ရေးအခြေနေများ ရှပ်ထွေးနေကြောင်း ကန်ပက်လက်မြို့နယ် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။

“ဖမ်းသွားတာက ဟုတ်ပါတယ်။ မြေပြင်မှာ တော်တော်ရှပ်ထွေးနေသေးလို့ ဘာမှ အတည်ပြုလို့ မရသေးနိုင်သေးဘူး ဖြစ်နေတယ်။”ဟု ကန်ပက်လက်မြို့နယ် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကန်ပက်လက်မြို့နယ်ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှ စခန်းစွန့်ခွာ ထွက်ပြေးကြသည့် စစ်ကောင်စီတပ်နှင့် ချင်းလဲန်းကာကွယ်ရေးတပ်တို့ နေစဥ် ထိတွေ့ တိုက်ပွဲများရှိနေဆဲဖြစ်သည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိထားသည်။

ဓာတ်ပုံ- ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်များကို တွေ့ရစဥ်။
#ကန်ပက်လက်မြို့ #စစ်ဘေးရှောင် #၃၈ဦး #စစ်ကောင်စီမှ ကောင်စီမှ #ဖမ်းဆီးခေါ်ဆောင် #ကျင်ဒွေးမြို့ #Ayeyarwaddy_Times