ဧရာဝတီတိုင်းမ်
(သထုံ)၊ မေ ၁၆ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့်မေ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြာင့် သုံးရက်တာအတွင်း ကလေးငယ်များအပါအဝင် ဒေသခံ သုံးဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ အမှတ်(၃၁၄)အမြောက်တပ်ရင်း (အမတ-၃၁၄) ၊ ခမရ-၉ နှင့် ခလရ-၈ တပ်ရင်းများမှ ဘီးလင်းမြို့နယ်ရှိရွှေရောင်ပြကျေးရွာ၊ ဝီယော်ကျေးရွာ၊ အဝန်းကြီးကျေးရွာ၊ ကဒီပုကျေးရွာနှင့် ဒေါက်ရပ်ကျေးများအတွင်းသြို လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ ဦးဇော်မင်းထွန်(၄၈)နှစ်၊ ဒေါ်မြသိန်း (၄၆)နှစ် နှင့် ဒေါ်ခင်မေ(၈၂)နှစ် တို့ သေဆုံးခဲ့ကြောင်း သိရသည်။

“ကျုံအိတ်တံတား ကျိုးပြီးနောက် အမတ-၃၁၄ အမြောက်တပ်ကနေ လက်နက်ကြီးတွေ တရစပ် ပစ်နေတယ်။ ရွာတွေထဲကျတယ်။ ပြည်သူတွေထိခိုက်သေဆုံးတယ်။ ရွှေရောင်ပြကျေးရွာထဲက အဝန်းကြီးကျေးရွာပေါ့နော်။ ရွှေရောင်ပြရွာထဲကိုလည်း လက်နက်ကြီးပစ်ချတော့ နေအိမ်ပျက်စီးတယ်။ ရွာသားတွေထိခိုက်ဒဏ်ရာရတယ်” ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြာင့် အသက်မပြည့်သးသည့် ကလေးငယ် ခြောက် ဦးအပါအဝင် အမျိုးသမီး ငါး ဦး၊ အမျိုးသား လေး ဦး စုစုပေါင်း ဒေသခံ ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အဝန်းကြီးရွာ၊ ဇီးဝန်းရွာ၊ ရွှေရောင်ပြရွာ၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်းရွာ၊ ခလောက်အင်းရွာ၊ မရမ်းကုန်းရွာ နှင့် မိချောင်းအိုင်ရွာ များမှ ဒေသခံ ၄,၅၀၀ ဝန်းကျင်မှာ စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီမှစတင်၍ ယမန်နေ့ မတ် ၁၅ ရက်နေ့အထိ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူစုစုပေါင်း ၅၀၆၃ ဦး ရှိပြီဖြစ်ကြာင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ထံက သိရသည်။

ဓာတ်ပုံ – KNU
#ဘီးလင်း #သထုံ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #အရပ်သားသေဆုံး #Ayeyarwaddy_Times