
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များက တပ်သားများနှင့် စစ်မှုထမ်းဟောင်းများမှာ ၎င်းတို့၏ မှတ်ပုံတင်တွင်ပါရှိသည့် အလုပ်အကိုင်နေရာတွင် စစ်မှုထမ်းအစား အရပ်သားအလုပ်အကိုင်များ ပြောင်းလဲနေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စကခ ၇၊ ခမရ ၃၃၆၊ ခလရ ၄၂၁၊ အမြှောက်တပ်၊ ဆက်သွယ်ရေးတပ်များမှ စစ်ကောင်စီ တပ်သားများနှင့် စစ်မှုထမ်းဟောင်းများမှာ ခရီးသွားလာစဥ် PDF များ၏ ဖမ်းဆီးခံရမည်ကို ကြောက်၍ ၎င်းတို့၏ မှတ်ပုံတင်ရှိ အလုပ်အကိုင်နှင့် တပ်တွင်းနေရပ်လိပ်စာများအား ပြောင်းလဲနေရခြင်းဖြစ်သည်ဟု စကခ(၇)နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
” အရင်က မှတ်ပုံတင်မှာက အလုပ်အကိုင်နေရာမာ စစ်မှုထမ်း၊ စစ်သည် လိပ်စာမှာက စစ်တပ်လိပ်စာ ဖြစ်နေရင် အဲ့မှတ်ပုံတင်နဲ့ ခရီးမသွားရဲကြဘူးလေ။ အခု လဝက အသစ်လုပ်ပေးနေတယ်။ အလုပ်အကိုင်မာ အရင်က စစ်သည် ဆိုရင် အခုက ကုန်သည် စျေရောင်း စသဖြင့် ပြောင်းလုပ်နေကြတယ်။ ပြီးတော့ လိပ်စာမာက အရင်က ၃၃၆တပ်ဆိုရင် အခုက ညောင်ကုန်း၊ နန်းဟူး စသဖြင့် လိပ်စာပါပြောင်းရေးနေကြတယ်လို့ ကြားတယ်။ မြေပြင်မှာ PDF စိုးမိုးတဲ့ဒေသတွေ ခရီးသွားရင် စစ်တာဆေးတာနဲ့ မိခဲ့ရင် မချောင်ဘူးဆိုတာ သိကြတယ်လေ” ဟု ဖယ်ခုံမြို့အခြေစိုက် စကခ(၇) နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ မှတ်ပုံတင်ပြောင်းလဲနေကြသူများတွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်ကောင်စီတပ်သားများသာမက စစ်မှုထမ်းဟောင်းများလည်း ပါဝင်နေပြီး စကခ(၇)အတွင်း ရွေ့ပြောင်းဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတွင် မှတ်ပုံတင်များအား မှတ်ပုံတင်များကို ပြောင်းလဲပြင်ဆင်ပေးနေကြောင်း သိရသည်။
” ကရင်နီပြည်နယ်မှာတင်မကဘူး ဖယ်ခုံမြို့နယ်တွေအထိပါ KNDF ၊ PDF တွေက နယ်မြေစိုးမိုးထားနိုင်တယ်။ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတယ်။ စစ်တပ်ထုတ်ကုန်တွေ မရောင်းဖို့ PDF တွေက ထုတ်ပြန်ထားတော့ ဘယ်သူမှ မရေ င်းရဲကြဘူး။ KNDF၊ PDF စိုးမိုးတဲ့ နယ်မြေထဲကို စစ်ကောင်စီဘက်က အများစုက ခရီးမသွားရဲကြဘူး။ တာဝန်အရပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကြောင့်ပဲဖြစ်ဖြစ် မှတ်ပုံတင်စစ်လို့ မိရင် အဖမ်းခံရမှာ။ ဒါကြောင့်ပဲ မှတ်ပုံတင်မှာ အလုပ်အကိုင်တွေ လိပ်စာတွေ ပြောင်းနေကြတာပါ” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့တဲ့နှစ် မေလနှောင်းပိုင်းကစတင်ကာ ရှမ်း – ကယားနယ်စပ်ဒေသဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားလာသည့်အတွက် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ ပိတ်ထားရသည်မှာ ၁ နှစ်ကျော်ပြီးဖြစ်ပြီး ပင်လောင်းမြို့နှင့် တောင်ကြီးမြို့ရှိ ရုံးများတွင် ပြောင်းရွေ့ဖွင့်ထားရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်မျအရ သိရသည်။
ဓာတ်ပုံ – KNG