
ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
ယခုသီတင်းတစ်ပတ်အတွင်မြို့ကြီးများရှိအပူချိန်များပြန်လည်မြင့်တက်လာပြီး လာမည့် မေ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ မေ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။
မေ ပထမပတ်အတွင် ကမ္ဘာ့အပူဆုံးစာရင်းဝင်ခဲ့သည့် ချောက်မြို့၏ အပူချိန်အပါအဝင် မြို့ကြီးအချို့၏ အပူချိန်များပြန်လည် လျော့ကျသွားပြီး ယခု ဒုတိယပတ်တွင် အပူချိန်ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
မေလ ၁၇ ရက်နေ့တွင်ဖြစ်ပေါ်နိုင်သောမြို့ကြီးများအပူချိန်တွင် ရန်ကုန် ၄၀ ဒီဂရီစင်တီဂရိတ်၊ ပဲခူး ၄၁ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ၄၁ ဒီဂရီစင်တီဂရိတ်၊ မန္တလေး ၄၄ ဒီဂရီစင်တီဂရိတ်၊ မကွေး ၄၅ ဒီဂရီစင်တီဂရိတ် နှင့် မုံရွာ ၄၄ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်း ၄၃ ဒီဂရီစင်တီဂရိတ်ရှိမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဘားအံ့ ၄၀ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်နှင့်ထားဝယ် ၃၉ ဒီဂရီစင်တီဂရိတ်၊ ပုသိမ် ၃၉ ဒီဂရီစင်တီဂရိတ်၊ နှင့် မြစ်ကြီးနားတို့တွင် ၄၁ ဒီဂရီစင်တီဂရိတ် ရှိမည်ဖြစ်ကြောင်း မိုး/ဇလ ကထုတ်ပြန်သည်။
မေ ဒုတိယပတ် (၁၀ရက်) အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်၊ ကယားပြည်၊ ကရင်ပြည်နှင့် မွန် ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ကြောင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ချင်းပြည်တို့တွင်မူ မေလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်းသိရသည်။
“ နောက်ထပ် ၅ ရက် ၊ မေ ၂၀ ရက်နေ့အထိ အပူဒဏ်ကိုတောင့်ခံထားဖို့နဲ့ အချို့ဒေသတွေမှာ နောက် ၅ရက်အတွင်း မိုးရေချိန်များများမရသေးပေမဲ့ အထိုက် အလျှောက် ( အပူ)လျော့ကျသွားနိုင်တယ်လို့ ” မိုးလေဝသပညာရပ်ဆိုင်ရာ လေ့လာသူ ဦးဝင်နိုင်က ဆိုထားသည်။
အနောက်တောင်မုတ်သုံလေသည် မေလ ၂၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံ အပြားထံ ရောက်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ- ယမန်နေ့ မေ ၁၅ ရက်နေ့က တွေ့ရသည့် ရန်ကုန်မြို့ မြင်ကွင်း
#အပူချိန်ပြန်လည်မြင့်တက် #ရန်ကုန် #မြို့ကြီးများ #မုတ်သုံဝင်ချိန် #အပူသက်သာ
#Ayeyarwaddy_Times