ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ယခုနှစ် လေးလအတွင်း တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမှုပေါင်း တစ်သောင်း ကျော်ရှိနေကာ ခန့်မှန်းကျပ် ငွေတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံရှိသဖြင့် တရားဝင်ပို့ကုန်ပမာဏကျ ဆင်းပြီး နိုင်ငံခြားသုံးငွေဝင်ရောက်မှုကျဆင်းစေသည်ဟု ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားခဲ့ကြောင်း ယမန်နေ့ မေ ၁၆ ရက်နေ့က စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ ၁၂၄၃၀ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိပြီး တရားမဝင်ယာဉ်များ၊ လုပ်ငန်းသုံးကုန်ကြမ်းများနှင့် ရင်းနှီးမြှပ်နှံမှုပစ္စည်းများပါဝင်ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇,၀၁၁ မှုအထိရှိသဖြင့် ယခုနှစ်အစမှာပင် တရားမဝင်ကုန်သွယ်မှုများ ပိုမိုများပြားလာ ကြောင်းသိရသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ပို့ကုန်ပမာဏကျဆင်းပြီး နိုင်ငံခြားသုံး ငွေဝင်ရောက်မှုကျဆင်းစေခြင်း၊ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်းကြောင့် မှောင်ခိုငွေကြေးဈေးကွက်ဖြစ်ပေါ်စေခြင်း၊ အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးခြင်းတို့ဖြစ်ပေါ်စေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆက်လက် ပြောကြားခဲ့သည်။

နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတု ပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းဖမ်းဆီးရမိမှုများရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် Online မှရောင်းချသည့်ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် ကုန်စည်အများစုက တရားမဝင်လမ်းကြောင်းများက တင်သွင်းရောင်းချနေခြင်း ဖြစ်ကြောင်း ပါဝင်သည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ထုတ်လုပ်မှုနှင့် စားသုံးသူအတွက် အကျပ်အတည်းဖြစ်ပေါ်စေပြီး စီးပွားရေးလုပ်ငန်းများအနေနှင့် ဈေးကွက်ကမောက်ကမ ဖြစ်ကာ လုပ်ငန်းများမတိုးချဲ့နိုင်ခြင်းနှင့် ရပ်ဆိုင်းခြင်းတို့ဖြစ်ပေါ်လာစေကြောင်း စစ်ကောင်စီထံက သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကုန်ပစ္စည်းအမျိုးအစားအားလုံးကို ခွင့်ပြုချက် လိုင်စင်ဖြင့်သာ တင်သွင်းရန်သတ်မှတ်ထားသော်လည်း လိုအပ်သည့်လိုင်စင်များ ချပေးခြင်းမရှိသဖြင့် တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုများပြားရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ သုံးစွဲမှု လျော့ချရန်အတွက် ကုန်ပစ္စည်း လိုင်စင်များကို အကန့်အသတ်ဖြင့်သာ ချပေးကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း စားသုံးသူများသည် အရည်အသွေးနိမ့်ကျသော ဆေးဝါးများအပါအဝင် ကုန်ပစ္စည်းများကိုဈေးအမြင့်ပေးဝယ်နေရပြီး လိုအပ်သလောက် မရရှိကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ – MOI
#တရားမဝင်ကုန်သွယ်မှုများပြား #အမှုတစ်သောင်းကျော် #စစ်ကောင်စီဆို #Ayeyarwaddy_Times