
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့၌ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့နှင့် ငါးကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် အာဏာသိမ်း စစ်ကောင်စီက လူချင်းချိန်း၍ စေလွှတ်ခဲ့သော်လည်း ယခုအကြိမ် ဆွေးနွေးပွဲသည် ရလဒ်ကောင်းများ ထွက်ပေါ် လာဖွယ်မရှိကြောင်း နီးစပ်သူနှင့် လေ့လာသူများက ဆိုသည်။
စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ရခိုင်ဒေသ စစ်ဆင်ရေးကြောင့် ထိုဒေသရှိ ၎င်းနယ်မြေများ လက်လွှတ်ဆုံးရှုံးနေရမှုကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်ရန် တရုတ်အစိုးရထံ အကူအညီတောင်းခဲ့ပြီး မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့နှင့် တွေ့ဆုံခဲ့သည်မှာ ယခုအခါ ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရှိ ဟိုင်ဂင်ဟော်တယ်တွင် ငါးကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီသည် ယခင်ဦးဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်အစား ၎င်းတို့၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်ရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)အဖွဲ့ဝင်သစ် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်ကို ဦးဆောင်စေလွှတ်ခဲ့ကြောင်း နီးစပ်သူများထံက သိရသည်။
“ဆွေးနွေးမှုကတော့ သေချာမသိရသေးပါ။ မေ ၁၂ နဲ့ ၁၃ မှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့နဲ့ တရုတ် စတင်ဆွေးနွေးတယ် ကြားပါတယ်။ ၁၄ နဲ့ ၁၅ မှာတော့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတယ် ကြားပါတယ်။ အရင် ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်က ဦးဆောင်ပါတယ်။ အခုတစ်ကြိမ်မှာတော့ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင် ဦးဆောင်ပါတယ်။ ဦးဆောင်သူ ဘာကြောင့် ပြောင်းသွားတယ် မသိရသလို၊ ပြောင်းခြင်းအားဖြင့် ရလဒ်လည်း ပြောင်း နိုင်ပါတယ်။ မှန်းဆရရင်တော့ ဆွေးနွေးပွဲတွေ ပြေလည်ဖို့၊ အဖြေထွက်ဖို့တော့ ကြာနိုင်ပါတယ်” ဟု နှစ်ဖက် အသိုင်းအဝိုင်းနှင့် နီးစပ်မှုရှိသည့် သတင်းအရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ ငါးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲတွင် ကုန်သွယ်မှု ပြန်စရေးနှင့် နယ်မြေ ကိစ္စရပ်များအပြင် ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်မတော်(TNLA) အရေးတို့ကိုပါ ဆွေးနွေးနိုင်သည်ဟု လေ့လာစောင့်ကြည့် သူများက ခန့်မှန်းသုံးသပ်သည်။
“ကျွန်မသိသလောက်တော့ ဘာမှသိပ်ထူးထူးခြားခြား ဖြစ်မယ်မထင်ဘူး။ ဘာမှလည်း အဖြေမထွက်ဘူးလို့ ကြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ TNLA ကိုပဲ အဓိက ဖိအားပေးနေပုံရတယ်။ AA တို့ MNDAA တို့နဲ့တော့ သိပ်ပြဿနာ ကြီးပုံမရဘူး။ အပြန်အလှန် တိုက်စရာလည်း မရှိတော့ဘူးလေ။ AA လည်း တော်တော်များများ ရထားပြီးပြီ။ MNDAA ကတော့ အကုန်ရထားပြီးပြီဆိုတော့ သူတို့(စစ်ကောင်စီ) TNLA ကို ဆက်တိုက်မယ့်ပုံရတယ်။ တိုက်တဲ့သူကတိုက်၊ စကားပြောတဲ့သူက ပြောပေါ့ဗျာ။ အခု လောလောဆယ်တော့ ဘာမှရှေ့သိပ်မရောက်ဘူးလို့ ကြားတာပဲ” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြော သည်။
အလားတူ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဝမ်ကျားဟောင် (Wang Xiao Hong)၏ ဖိတ်ကြားချက်အရ ခြောက်ရက်တာ အလုပ်သဘော သွားရောက်ခဲ့သော စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ခရီးစဉ်တွင်လည်း ဟိုင်ဂင်အစည်းအဝေးကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲနှင့် ပတ်သက်၍ တအာင်းတပ်မတော်(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျွန်မတို့ မေ ၁၄ နဲ့ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲ ရလဒ်နဲ့ ဘာတွေ ဆွေး နွေးသွားတယ် ဆိုတာ ကိုတော့ ကျွန်မ မသိရသေးပါဘူး” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တအာင်းတပ်မတော်(TNLA)ဘက်မှ ပုံမှန်တက်နေကျ အထွေထွေ အတွင်း ရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်အစား မဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံခြားရေးဌာန ဌာနမှူး ဗိုလ်မှူးကြီး တားမိုးဟိန်း ဦး ဆောင်တက်ရောက်သည်ဟု VOA သတင်းက ဖော်ပြထားသော်လည်း ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကမူ အထက်က ပေးလာသည့် အတိုင်းသာ ပြောဆိုနိုင်ပြီး သတင်းထုတ်ပြန်ရန် ရှိ/မရှိကို မသိရသေး ကြောင်း ဆိုသည်။
ပြီးခဲ့သည့် စတုတ္ထအကြိမ်(၄ ကြိမ်မြောက်) ဟိုင်ဂင်ဆွေးနွေးပွဲ ရလဒ်များကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မပြုကြရန် သဘောတူညီခဲ့သော်လည်း သတင်းအချို့ ထွက်ပေါ်လာခဲ့ပြီး မှန်ကန်မှုရှိခဲ့သလို တရုတ်-မြန် မာနယ်စပ် ကုန်သွယ်ဂိတ်များမှ ရရှိသော ငွေဝင်ခွန် အချိုးချခြင်းကိစ္စရပ်သည် ကောလာဟလ သာဖြစ်သည်ဟု စစ်ကောင်စီက ငြင်းဆိုခဲ့သည်။
စတုတ္ထအကြိမ် ဟိုင်ဂင် ဆွေးနွေးပွဲအရ သဘောတူညီမှု ရရှိခဲ့သော အချက်များတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို ရှမ်းပြည်နယ်၊ ကိုးကန့် အထူးဒေသ၏ တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ ညီနောင်သုံးဖွဲ့ သိမ်းယူထားသည့် နယ်မြေများနှင့် မြို့များကို ၎င်းတို့ အပိုင်အဖြစ်လည်းကောင်း စစ်ကောင်စီက အသိအမှတ်ပြုပေးခဲ့ရပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များအနေဖြင့် သဘောတူညီထားသည့် နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ချင်းခွာထားရန်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကူမင်း #စစ်ကောင်စီ #အပြောင်းအလဲပြုလုပ်ဆွေးနွေး #၅ကြိမ်မြောက် #ဟိုင်ဂင်အစည်းအဝေး #ရလဒ်ကောင်း #ပြောင်းလဲဖွယ်မရှိ #Ayeyarwaddy_Times