ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

ဧရာ၀တီတိုင်း၊လပွတ္တာမြို့တွင် မေလ ၁၃ရက်နေ့က စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက် (Facebook)တွင် ရေးသားသည်ဟု စွပ်စွဲကာ အမျိုးသားနှစ်ဦးအဖမ်းခံလိုက်ရကြောင်း ဒေသခံများ ထံမှသိရသည်။

“စစ်တပ်နဲ့ရဲတွေအင်အားအပြည့်နဲ့လာဖမ်းတာဗျာ။ ကျွန်တော်တို့က PDFတွေ ကိုဖမ်းတယ်မှတ်လို့ ပြီးမှတော်လှန်ရေးအကြောင်းတွေတင်လို့ဆိုပြီးကြားတာ ရပ်ကွက်ကလူတွေတောင် လန့်ကုန်တယ်”ဟုလပွတ္တာ မြို့ခံတစ်ဦးမှ​ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူမှာလပွတ္တာမြို့၊အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူ ကို၀င်းယုအောင် (ခ)ကောင်းကောင်းနှင့်အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ကိုကိုလတ်တို့ နှစ်ဦးကို နေ့လည် တစ်နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့်ရဲများက နေအိမ်များတွင် တစ်ပြိုင်တည်း ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

“သူတို့က တော်လှန်ရေးနဲ့ပတ်သတ်တယ့်သတင်းတွေ ရှယ်ကြတာ။ အဲ့သတင်းတွေက ခုစစ်တပ်က တရားမ၀င်လို့သတ်မှတ်ထားတဲ့သတင်းဌာနဟာတွေဖြစ်နေတာ။ ထင်တာတော့ ဒလန်တစ်ယောက်ယောက် သတင်းပေးလိုက်တယ် ထင်တယ်။ ခုက သူတို့ကို နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်စီးအောင်လှုံဆော်တယ်ဆိုပြီး လာဖမ်းတာပဲ “ဟုမိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

လက်ရှိတွင် ကို၀င်းယုအောင်နှင့်ကိုကိုလတ်တို့နှစ်ဦးကို နိုင်ငံတော်အစိုးရအားအကြည်ညို ပျက်စေရန်နှင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်အတွက် မမှန်သတင်းများအား လူမှုကွန်ရက် မှတစ်ဆင့် ဖြန့်ဝေသည်ဟု စွပ်စွဲပြီး လပွတ္တာမြို့မရဲစခန်းမှ အကြမ်းဖက်မှုတိုကဖျက်ရေးဥပဒေ၅၂(က)၊ ၅၀၅(က)တို့အပြင် အိီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရှိရသည်။

#လပွတ္တာမြို့ #စစ်ကောင်စီကိုဆန့်ကျင်သည့်စာများ #လူမှုကွန်ရက်တွင် #တင်သည်ဟုဆိုကာ #အမျိုးသား #၂ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times