
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာတိုက်ပွဲမှ ပြန်လာသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုခဲ့သည့်ရွာဟုဆိုကာ မြင်းခြံမြို့နယ် ရွာရှည်ရွာကို စစ်ကောင်စီက မီးတင်ရှို့ခဲ့ပြီး ဒေသခံများအား ဝင်ရောက်သတ်ဖြတ်သွားကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စ၍ ရွာရှည်ရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၁၃ ရက်နေ့ နံနက်မှ စတင်ခဲ့သည့်တိုက်ပွဲသည် မေလ ၁၄ ရက် နံနက် ၈ နာရီအထိ တိုက်ပွဲပြင်း ထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ဆုတ်ခွာခဲ့သည့်အတွက် တိုက်ပွဲ ရပ်တန့်သွားကြောင်း တော်လှန်ရေး တပ်ဖွဲ့ထံက သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားစဉ်တွင် ဆီမီးခုံဆိပ်ကမ်းမှဆင်းလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောမှ လက်နက်ကြီးများ၊ ဒုံးများဖြင့် ပစ်ကူပေးခဲ့သည်ဟုလည်း သိရ သည်။
“၁၃ ရက်နေ့ မနက် ၁၀ နာရီက တောက်လျှောက် စစ်ကြောင်းထိုးလာပြီး ဝင်ပစ်တာ။ ကျွန်တော်တို့ဘက်ကလည်း တစ်နေ့လုံး တစ်ညလုံးနဲ့ နောက်နေ့မနက်အထိ ခံချကြသေး တယ်။ သူတို့ဘက်က လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ တစ်ချိန်လုံး ကြဲတာ။ ကျွန်တော်တို့ ဘက်က ဒရုန်းမပါဘူးဆိုတော့ တော်တေယ်အထိနာတယ်။ ဆီမီးခုံက တက်လာတဲ့ စစ်သင်္ဘောကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတဲ့အပြင် ဒရုန်းတွေနဲ့ပါ ကြဲတယ်။ ကျွန်တော်တို့ဘက်ကလည်း ၂၀ လောက်ထိတယ်။ သူတို့ဘက်ကလည်း သေတာထော်လာဂျီနဲ့ပါ တိုက်ယူရတယ်”ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွာရှည်ရွာသည် ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ဆုံရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး အထိုင်စခန်းကို တိုက်ပြီးပြန်လာသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုသည်ဟုဆိုကာ စစ်ကောင်စီတပ်က ရွာရှည်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေး တပ်ဖွဲ့များ ဆုတ်ခွာစဉ်တွင် တစ်ရွာလုံးကို မီးတင်ရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရွာရှည်ရွာရွာအတွင်းရှိ မျက်စိမမြင်သည့် အဘွားအိုတစ်ဦးအပါအဝင် ဒေသခံပြည်သူ လေး ဦးကို သတ်ဖြတ်သွားကြောင်း ကနဦးသတင်းအရ သိရသည်။
“တစ်နေ့လုံး တစ်ညလုံးတိုက်ပြီးတော့ ၁၄ ရက် မနက်မှာ ကျွန်တော်တို့ ဆုတ်ခွာခဲ့တယ်။ သူတို့တွေ ရွာ ကိုမီးရှို့ပြီး မျက်စိမမြင်တဲ့ အဘွားအိုနဲ့ ဒေသခံ လေး ယောက်လောက်ကို သတ်သွားတယ်။ မီးလောင်တဲ့အခြေအနေနဲ့ အသတ်ခံရတဲ့ အသေးစိတ်ကို မသိရ သေးဘူး။ အခြေအနေတွေက မတည်ငြိမ်သေးဘူး”ဟု ဗိုလ်မိုက်ခဲက ပြောသည်။
ရွာရှည်ရွာသည် ဆုံရွာတိုက်ပွဲအပြီးတွင် ပြန်လာသည့် တော်လှန်ရေးတပ်ဖွဲ့များအား ကြိုဆိုခဲ့သည့်အတွက် PDF အကြမ်းဖက်ထောက်ခံသည့် ရွာဖြစ်ပြီး စစ်တပ်အနေနှင့် ချေမှုန်းဖျက်ဆီးသင့်ကြောင်း စစ်တပ်ထောက်ခံ အားပေးသည့် ဝါဒဖြန့်ချန်နယ်များက တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။
ယင်းသို့ရေးသားပြီး ရက်ပိုင်းအတွင်းတွင်ပင် စစ်ကောင်စီတပ်က ရွာရှည်ရွာကို စစ်ကြောင်းထိုးကာ စစ်သင်္ဘောပစ်ကူများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ရွာကိုမီးတင်ရှို့ပြီး ဒေသခံများကိုပါ သတ်ဖြတ် သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
#မန္တလေး #မြင်းခြံ #ရွာရှည်ရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့သတ်ဖြတ် #Ayeyarwaddy_Times