နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

၂၀၂၄ ခုနှစ်အတွက် သတင်းအယ်ဒီတာဆိုင်ရာ ခေါင်းဆောင်မှု အမျိုးသမီးဆု (Women in News Editorial Leadership Award)ကို ပေးအပ်ရာတွင် ကရင်သတင်းဌာန (KIC) ၏ ဒါရိုက်တာနှင့် အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေ ရွေးချယ်ခံရကြောင်း WAN-IFRA WIN ၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းမီဒီယာနယ်ပယ်တွင် ကျား၊မတန်းတူ ညီမျှမှုရှိရန်၊ မျိုးဆက်သစ် မီဒီယာ သမားများကို ပံ့ပိုးကူညီရန် စသည့်စံနှုန်းများအပေါ် အခြေခံကာ ရွေးချယ်ခဲ့ပြီး ယင်းအနက်မှ စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသော အာဖရိက၊ အာရပ်နှင့် အရှေ့တောင် အာရှ ဒေသတို့ကို အဓိကပေးအပ် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

“မီဒီယာလုပ်ငန်းမှာ မောပန်းစွာ ဖြတ်သန်းလာခဲ့သမျှအတွက် ခွန်အားဖြစ်စေပါတယ်။ ဒီဆုဟာ အနောတစ်ဦးတည်းကို ပေးတယ်ဆိုတာထက် မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ မီဒီယာတွေက အမျိုးသမီး သတင်းသမားတွေအတွက်လည်း သက်ရောက်မှု ဖြစ်စေ တယ်လို့ ယုံကြည်မိတယ်။ ဒါ့အပြင် တိုင်းရင်းသူ အမျိုးသမီးတွေ မီဒီယာလုပ်ငန်းမှာ ဒီထက်ပိုမို စွမ်းဆောင်နိုင်စေဖို့လည်း တွန်းအားဖြစ်စေပါတယ်” ဟု KIC ၏ ဒါရိုက်တာနှင့် အယ်ဒီတာချုပ် နန်းဖော့ဂေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

WAN-IFRA WIN အနေဖြင့် အဆိုပါဆုကို ပေးအပ်မှုသည် ယခုနှစ်တွင် ၁၀ နှစ်ပြည့်ပြီဖြစ်ပြီး KIC အယ်ဒီတာချုပ် နန်းဖော့ဂေကို အရှေ့တောင်အာရှ ကိုယ်စားပြု အဖြစ်လည်းကောင်း၊ The Guardian Limited ၏ အမှုဆောင်အယ်ဒီတာ Beatrice Bandawe ကို အာဖရိက ကိုယ်စားပြုအဖြစ်လည်းကောင်း၊ AJ+ ၏ အမှုဆောင် ဒါရိုက်တာ Dima Khatib ကို အာရပ် ကိုယ်စားပြုအဖြစ်လည်းကောင်း အသီးသီး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းမီဒီယာလုပ်သက် ၂၄ နှစ်ရှိပြီဖြစ်သော နန်းဖော့ဂေသည် ၂၀၀၀ ခုနှစ်မှ စတင်၍ ကရင်သတင်းဌာန(KIC) တွင် လုပ်ကိုင်ခဲ့ရာ ၂၀၀၈ ခုနှစ်မှ လက်ရှိအချိန်ထိ ဒါရိုက်တာနှင့် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) ၏ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သတင်းမီဒီယာအလုပ်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ။ ဒီလိုအရေးကြီးတဲ့ ကဏ္ဍထဲမှာလည်း အမျိုးသမီးတွေ မီဒီယာလောကထဲမှာ ဦးဆောင်ဖို့၊ ပါဝင်မှုအားကောင်းဖို့ကလည်း အရေးကြီးတယ်။ ဒါကြောင့် ကျား မ တန်းတူညီမှုနဲ့ နိုင်ငံအတွက် လူမှုအဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့အရွေ့ကို မီဒီယာကျင့်ဝတ်နဲ့အညီ ပြိုင်တူတွန်းကြစေချင်ပါတယ်” ဟု နန်းဖော့ဂေက ပြောသည်။

သတင်းအယ်ဒီတာဆိုင်ရာ ခေါင်းဆောင်မှု အမျိုးသမီးဆု (Women in News Editorial Leadership Award) ဆုရရှိသူများကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် လာမည့် မေ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည့် WAN-IFRA ၏ ကမ္ဘာ့သတင်းမီဒီယာ ကွန်ဂရက်၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

#၂၀၂၄ခုနှစ် #သတင်းအယ်ဒီတာ #ခေါင်းဆောင်မှုအမျိုးသမီးဆု #KICအယ်ဒီတာချုပ် #နန်းဖော့ဂေ #Ayeyarwaddy_Times