ဧရာဝတီတိုင်းမ်
မေ ၁၅ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက် တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရကာ သေဆုံးသူအချို့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ “ဝဲကြီးထောင့်ဆေးရုံ” ကို ယနေ့ မေ ၁၅ ရက်နေ့၊ နံနက် ၁၂ နာရီ ၁၆ မိနစ်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သား ပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သူများအနက် အပြင်းစားဒဏ်ရာရသူ ငါး ဦးရှိကာ သေဆုံးသူအချို့ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရောက်ရှိလာပြီး ဗုံးသီး သုံးလုံးထက်မနည်းကို ဆေးရုံနှင့် စစ်ရှောင်များခိုလှုံနေသည့် စာသင်ကျောင်းအပေါ်သို့ ပစ်ခတ်ကြဲချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျောက်တော်က တိုက်ပွဲလည်းမရှိဘူး။ ပြီးတော့ တပ်တော်အုပ်ချုပ်တဲ့ စစ်တပ် ကင်းစင်နယ်မြေလေ။ အဲဒါကို တမင်ယုတ်ညံ့ပြီး သန်းခေါင်ကျော်ကြီးလာကြဲတာ။ အဆောက်အအုံတွေပြိုကျ၊ လူတွေလည်း ကမူးရူးထိုးပြေးကြနဲ့ ကမ္ဘာပျက်သလိုပါပဲ” ဟု ကျောက်တော်ဒေသခံတစ်ဦးက‌ ဧရာဝတီတိုင်းကိုပြောသည်။

ထို့အပြင် ယမန်နေ့ ၁၄ရက်နေ့ ည ၈နာရီကျော်ခန့်ကလည်း စစ်ကောင်စီ၏ ဘားတောင်း တောင်တပ်စခန်းမှနေ၍ သံတွဲမြို့နယ် လင်းသီကျေးရွာကို လက်နက်ကြီး ၁၀လုံးထက် မနည်း ပစ်ခတ်ခဲ့သည့်အတွက် လင်းသီကျေးရွာအတွင်းရှိ ပြည်သူ ၁၀ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

စစ်ကောင်စီသည် ယမန်နေ့ မေ ၁၄ ရက် တစ်ရက်တည်းတွင်ပင် မောင်တောမြို့နယ် ကင်းချောင်းရွာကို လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ သုံးဦးသေဆုံးပြီး ငါးဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

“ရခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံး စစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက် ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ် တိုက်ခိုက် လျှက်ရှိသည်။ အဆိုပါလုပ်ရပ်သည် အပြစ်မဲ့ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်း လည်းဖြစ်သည်” ဟု AA က ဆိုသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ် များမှာ မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက နေ့စဉ်ကျူးလွန်နေသော လုပ်ရပ်များဖြစ်ပြီး ယခုကဲ့သို့သော လုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံ တကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၁၅ရက်နေ့ ရက်စွဲဖြင့် AA က ထုတ်ပြန်ထားသည်။

ပုံစာ- စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဝဲကြီးထောင့်ဆေးရုံနှင့် ထိခိုက်ဒဏ်ရာရသူများ
#ကျောက်တော် #ဝဲကြီးထောင့်ဆေးရုံ #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #ဒေသခံပြည်သူ၂၀ #ထိခိုက်ဒဏ်ရာရသေဆုံး #Ayeyarwaddy_Times