ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၁၅ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသရှိ ဇာဒီကျေးရွာကို စစ်ကောင်စီ၏ မောရဝတီရေတပ်ကလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ ကြောင်းဒေသခံများထံက သိရသည်။

အုန်းပင်ကွင်းရွာတွင် အခြေစိုက်တည်ရှိသည့် စစ်ကောင်စီ၏ မောရဝတီရေတပ်သည် ယနေ့ မေ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်မီးလောင်ကာ ဆယ်ကျော်သက်အရွယ် မောင်နှမ ကလေးငယ် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူများမှာ ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၆) နှစ် အရွယ် မောင်ဇော်မျိုးအောင် နှင့် အသက် (၁၁) နှစ်အရွယ် မပွင့်ပွင့် တို့မောင်နှမ နှစ်ဦးဖြစ်ကြောင်း သိရသည်။

” လက်နက်ကြီး အားလုံး သုံးလုံးပစ်တာပေါ့။တစ်လုံးကတော့အိမ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တယ်။ မောင်နှမ နှစ်ယောက်စလုံးသေသွားတယ်။ ခေါင်းပါ ပြတ်ထွက်ကုန်တယ်။ ကလေးတွေရဲ့ အသားစတွေလည်း အဲနေရာမှာပျံ့နှံ့ နေတာပဲ။ ခန္ဓာကိုယ်တွေဆိုလည်း မည်းတူးနေတာ။ သူ့အမေကတော့ ကလေး နှစ်ယောက် အလယ် မှာ အော်ငိုနေတာပဲ” ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်နေအိမ်သည် စျေးဆိုင်ဖွင့်ထားသည့် အိမ်ဖြစ်ပြီး လက်နက်ကြီးထိခိုက်မှုကြောင့်နေအိမ် တစ်ခြမ်းမီးလောင်သွားခဲ့ပြီး ထိခိုက် ပျက်စီးမှုများပြား ကြောင်းဒေသခံများကဆိုသည်။

ကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ-၄၁၀ တပ်ရင်းသည် ပြီးခဲ့သော မေလ ၈ ရက် ညကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အဘွားအိုတစ်ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရ၍ ဆေးကုသမှုခံယူခဲ့ရသည်။

ပုံစာ-သေဆုံးသူ မောင်ဇော်မျိုးအောင် နှင့် မပွင့်ပွင့် တို့မောင်နှ မနှစ်ဦး။

#ရေဖြူမြို့နယ် #ဇာဒီရွာ #မောရဝတီရေတပ် #လက်နက်ကြီးပစ်ခတ် #အိမ်ပေါ်ကျရောက်ပေါက်ကွဲ #ဆယ်ကျော်သက် #မောင်နှမ၂ဦးသေဆုံး #Ayeyarwaddy_Times