ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မေ ၁၅ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စိတ်ကျန်းမာရေး ချို့ယွင်းနေသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရှိရသည်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စိတ်ကျန်းမာရေး ချို့ယွင်းနေသည့် အမျိုးသား တစ်ဦးကို မြို့တွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်လိုက်ခြင်းဖြစ်သည်။

“အဲ့ဒီ အမျိုးသားက စိတ်တစ်ခါတစ်လေ ဖောက်တက်တယ်။ စစ်သားတွေ ကင်းလှည်းရင်းနဲ့ တိုးပြီး အမျိုးသားက လန့်သွားလို့ ထွက်ပြေးသွားတာ။ အဲ့မှာ စစ်သားတွေက ပစ်သတ်သွားတာ” ဟု မင်းတပ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသားသည် အသက် (၃၀)အရွယ် မောင်ဟာနူးဟု သိရပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီမှ မင်းတပ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွဲခဲ့ခြင်း မရှိဘဲ စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တိုးချဲ့ထားပြီး မြို့အဝင်/အထွက်ဂိတ်ကိုလည်း တင်းကြပ်ထားကာ ပြီးခဲ့သည့် မေလ (၈) ရက်နေ့ကလည်း မှတ်ပုံတင်ပြုလုပ်ရန် မြို့ထဲသွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း သိရသည်။

“ရွာဘက်က အမျိုးသမီးနှစ်ဦး မင်းတပ်မှာ မှတ်ပုံတင်လုပ်ဖို့ သွားကြတာ။ မြို့အဝင်ဂိတ်ကို ဖြတ်ပြီး ထွေအုပ်ရုံးအရောက်မှာ စစ်သားတွေက နာမည်အတိကျနဲ့ ဖမ်းသွားတာ။ နှစ်ယောက်လုံးကို ခလရ ၂၇၄ ကို ခေါ်သွားကြတယ်။”ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည် ရပ်မိ/ရပ်ဖများ၏ တောင်းဆိုမှုကြောင်း မေလ ၉ ရက်နေ့တွင် ပြန်လွတ်မြောက်သွားသော်လည်း ကျန်သည့် အမျိုးသမီးတစ်ဦးကို ခလရ (၂၇၄)တပ်ရင်းတွင် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

ယနေ့ မေလ ၁၅ ရက် မနက် ၁၁ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ မင်းတပ် ခလရ (၂၇၄) တပ်ရင်းမှ စစ်ကောင်စီ အင်အား ၁၀၀ ခန့်ဖြင့်အနောက်ဘက်ရှိ တက္ကသိုလ်ကုန်းသို့ စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

#ချင်းပြည်နယ် #မင်းတပ်မြို့ #စိတ်ကျန်းမာရေး ချို့ယွင်း #အမျိုးသားတစ်ဦးပစ်သတ်ခံရ #ခလရ၂၇၄ #မောင်ဟာနူး #Ayeyarwaddy_Times