
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေရသော လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေးအတွက် ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မစ္စတာကိုမူရာ မာဆာဟီရို (KOMURA Masahiro) နှင့် K3C အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
KNU ဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းနှင့် KNPP နှင့် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့၏ ဥက္ကဋ္ဌဖြစ်သူ ခူဦးရယ်တို့သည် ယမန်နေ့ မေ ၁၄ ရက်က ဒုတိယဝန်ကြီး မစ္စတာကိုမူရာ မာဆာဟီရိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“အဓိကတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ Humanitarian assistance (လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး) တွေ နောက်ပြီးမှ ပညာရေး၊ ကျန်းမာရေး အတွက် လိုအပ်ချက်တွေကို ကျွန်တော်တို့ ချဉ်းကပ်တာပဲ ဖြစ်ပါတယ်။ အဲဒါလေးပါပဲ” ဟု KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိအကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဂျပန်နိုင်ငံခြားရေးဌာနကသာ တရားဝင်သတင်းထုတ်ပြန်တာမို့ သူတို့ကိုပဲ တိုက်ရိုက် မေးပါလို့ ပြောပါရစေ။ ကျွန်တော်တို့ဖက်က discreet meeting လို့သာ နားလည် ထားတဲ့အတွက် ဘာမှမသိရပါ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာအရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက်အနီးကပ် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိ၍ မြန်မာနိုင်ငံ၏ အခြေအနေများကို ဖြေရှင်းရာတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍအတွက် ၎င်းတို့၏ မျှော်လင့်ချက်များကိုလည်း တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထိုကဲ့သို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ကရင်အမျိုး သားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ကမူ အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက် တိုက်ပွဲများအပြင် စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက် မှုများကြောင့် ဒေသခံပြည်သူအမြောက်အများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဓာတ်ပုံ-MOFA of Japan
#လူသားချင်းစာနာထောက်ထားမှု #အကူအညီပေးရေး #ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး #KNU #KNPP #တွေ့ဆုံဆွေးနွေး #Ayeyarwaddy_Times