
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာမှ ဒေသခံလူငယ်အမျိုးသားတစ်ဦးအား တော်လှန်ရေးအဖွဲ့များနှင့် အဆက် အသွယ် ရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွားကြောင်း သတင်းရရှိသည်။
ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာတွင် နေထိုင်သည့် အသက် ၂၆နှစ်အရွယ် ကိုပိုင်မင်းသူဆိုသူအား ပြီးခဲ့သည့်မေလ၁၂ရက်နေ့ညနေပိုင်းက ဆိပ်သာကျေးရွာသို့ဈေးဝယ်သွားစဉ် လမ်းတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီးအဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များထံကသိရသည်။
“ဆိပ်သာကိုခဏဈေးသွားဝယ်မလို့ဆိုပြီးတော့ ထွက်သွားတာ။ ညရောက်တဲ့အထိပြန်မလာလို့ဖုန်းခေါ်တော့လည်းမကိုင်ဘူး။ စုံစမ်းကြည့်တော့မှ အဖမ်းခံရမှန်းသိရတာ။ဖမ်းသွားတာက စစ်တပ်တွေမှန်းသိရတယ်။ ခလရ ၅၁ ထဲဖမ်းသွားတာ”ဟု ဖမ်းဆီးခံရသူ ကိုပိုင်မင်းသူနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို
ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် ကိုပိုင်မင်းသူသည် သေဆုံးသွားပြီဟုဆိုကာ ယမန်နေ့ မေလ၁၄ရက်နေ့လည် တစ်နာရီဝန်းကျင်းတွင် ရုပ်အလောင်းကို စစ်ကောင်စီတပ်မှမိသားစုဝင်များထံပြသ၍နေ့ချင်းမီးသဂြိုလ်ခဲ့ကြောင်းသိရသည်။
“ကိုပိုင်မင်းသူကို ဖမ်းသွားတုန်းက သူ့အနားမှာ လမ်းအသွားအလာတွေရှိနေတယ်။ နောက်ဖမ်းဆီးပြီးတော့ကားပေါ်တက်ခိုင်းတဲ့အချိန်မှာလည်း ရိုက်နှက်သေးတယ်။ အနားမှာရှိတဲ့သူတွေကိုလည်းမဆိုင်တဲ့သူ တစ်ယောက်မှမကပ်နဲ့ဆိုပြီးတော့ သေနတ်နဲ့ခြိမ်းခြောက်တာတွေပါလုပ်ခဲ့တာ။ ဖမ်းသွားတုန်းက စစ်ကားပေါ်မှာတွေ့လိုက်ရတာစစ်သားတွေ ၁၅ယောက်လောက်ရှိမယ်”ဟုမျက်မြင်တွေ့ရှိခဲ့ရသည့် ဆိပ်သာကျေးရွာဒေသခံတစ်ဦးကဆိုသည်။
အလားတူပြီးခဲ့သည့်မတ်လ၂၀ရက်နေ့ကလည်း ကြံခင်းမြို့ကေါ်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ကို ကန့်ကွက်ပြောဆိုခဲ့သည့်ရဲဝန်ထမ်းဟောင်းဖြစ်သူအသက်(၅၅)နှစ်အရွယ်ရှိ ဦးသန်းထွန်းအေးဆိုသူအား မြို့နယ်ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မှ ရိုက်နှက်ဖမ်းဆီးစစ်မှု ပြုလုပ်ပြီး အလောင်းကို တစ်ရက်အတွင်း မိသားစုထံ ပြန်ပို့ခဲ့သည်။
#ကြံခင်းမြို့ #လူငယ်အမျိုးသားတစ်ဦး #စစ်ကောင်စီကဖမ်းဆီး #စစ်ဆေးနေစဉ်သေဆုံး #သောကြာဒူးရွာ #Ayeyarwaddy_Times