ဧရာဝတီတိုင်းမ်
မေ ၁၅ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၁၂နှစ်ကြာပိတ်ထားခဲ့သည့် ဗလီကြီးကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခိုင်းခဲ့ပြီး စစ်ကောင်စီအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့ အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် ဗလီကြီးကို ယမန်နေ့ မေ ၁၄ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်၍ အသုံးပြုခိုင်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဗလီပိတ်တာ ၁၂ နှစ် ရှိပြီ။ အဲ့ဒီ့တုန်းကလည်း စစ်တပ်အာဏာတည်နေတဲ့ကာလ။ အခုပြန်ဖွင့်ခိုင်းတာလည်း သူတို့ပဲ။ အခုလို တိုက်ပွဲပြင်းထန်နေတဲ့ကာလကြီးမှာ ပြန်ဖွင့်ခိုင်းတဲ့ရည်ရွယ်ချက်က မကောင်းနိုင်ဘူး” ဟု မောင်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဗလီကြီးကို ၂၀၁၂ ခုနှစ် ဇွန် ၆ ရက်နေ့တွင် တည်ဆဲအစိုးရအမိန့်ဖြင့် ပိတ်သိမ်းခဲ့ပြီး ၁၂နှစ်အကြာ ယခုကဲ့သို့ တိုက်ပွဲပြင်းထန်နေသည့်ကာလတွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခိုင်းခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေက ဗလီဖွင့်ပေးခြင်း၊ မဖွင့်ပေးခြင်းအပေါ် ဘာစိတ်ခံစားမှုမှမရှိဘူး။ တစ်ခုပဲကြောက်တာက ဘာသာရေး မီးမွှေးပြီး လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးမှာကိုပဲ။ လက်ရှိမှာလည်း ရိုဟင်ဂျာတွေ၊ ဘင်္ဂလီတွေကို လက်နက်တပ်ဆင်ပြီး နေအိမ်တွေကို မီးရှို့ခိုင်းတာ ရွာထဲဝင်ရောက်ပြီး ပစ်ခတ်စေတာတွေ လုပ်နေတာဆိုတော့လေ။ ဘာသာရေးမီးမွှေးမှာ စိုးရိမ်ပါတယ်” ဟု မောင်တောဒေသခံက ဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင်း စစ်ရှောင်စခန်းနှင့် ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာနှင့် ဘင်္ဂလီလူငယ်များကို အတင်းအကျပ်ဖိအားပေးခေါ်ဆောင် စစ်သင်တန်းပေးကာ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်စစ်မျက်နှာပြင်များတွင် အသုံးချစေခိုင်းလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၇ ရက်နေ့ကလည်း မောင်တောမြို့နယ်ရှိ ဝေသာလီကျေးရွာအတွင်းသို့ စစ်ယူနီဖောင်းဝတ် ဘင်္ဂလီစကားပြောဆိုသည့် စစ်သားများဝင်ရောက်လာပြီးနောက် နေအိမ် ၁၅ လုံးကို မီးရှို့ကာ သေနတ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ကျောမှ ရင်ဘတ်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကလေးငယ် နှစ်ဦးလည်း သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့တွေ လွတ်မြောက်ဖို့ ဒီတစ်ကျော့ပြန် တိုက်ပွဲမစခင်က ရခိုင်နဲ့ ဘင်္ဂလီလူမျိုးရေး၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာတိုက်ပေးတဲ့ ဘာသာရေးပဋိပက္ခပုံစံ ပုံဖျက်ပြီး ကျွန်မတို့ ရခိုင်တိုင်းရင်းသားတွေရော အတူနေ အစ္စလာမ်ဘာသာဝင်တွေကိုရော စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ တရားခံမပေါ် လက်သည်မပေါ်ဘဲ အကြမ်းဖက်ဆိုပြီး ရှင်းပစ်ခဲ့တယ်။ အဲဒီ့ကတည်းက အခုထိ နေရပ်မပြန်နိုင်ကြဘဲ ဒုက္ခသည်စခန်းမှာ ခိုလှုံပြီး ဆင်းရဲ ဒုက္ခခံနေရသူတွေ ရှိနေတုန်းပါ။ အဲဒီ့အဖြစ်တွေကို သင်ခန်းစာယူရပါမယ်” ဟု အစ္စလာမ်ဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခု စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခိုင်းသည့် ဗလီကြီးကိစ္စကို သာမန်သဘောမထားကြဘဲ အထူးသတိထားစောင့်ကြည့်ပြီး လိမ္မာပါးနပ်စွာကိုင်တွယ်ရမည်အရေးဖြစ်သည်ဟု ရခိုင်အရေးသုံးသပ်သူများက ဆိုသည်။

ဓာတ်ပုံ- VAN
ပုံစာ- စစ်​ကောင်စီအမိန့်ဖြင့်ပြန်လည်ဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း ရာကျော် သက်တမ်းရှိ ဗလီကြီး
#မောင်တော #၁၂နှစ်ကြာပိတ်ထားသည့်ဗလီ #စစ်ကောင်စီပြန်ဖွင့် #လူမျိုးရေး #ဘာသာရေး #ပဋိပက္ခအသွင် #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times