
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
ကာတာနိုင်ငံသည် မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) ဆိုင်ရာ စွမ်းအင်ကဏ္ဍများတွင် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နှင့် ကာတာသံရုံး သံရုံးယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Adbulla Al-Kuwari ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့ မေ ၁၄ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် လျှပ်စစ်မီးကဏ္ဍ၌ သဘာဝဓာတ်ငွေ့ရည် (LNG) ကို လျင်မြန်စွာကုန်သွယ်မှုစတင်နိုင်ရေးအပြင် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ ပါဝင်ကြောင်းသိရသည်။
ယင်းပြင် မြန်မာနိုင်ငံရှိ ယူရီးယားဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်နိုင်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ကာတာနိုင်ငံတို့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနေခြင်း၊ အာဆီယံ – အာရပ်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်နေခြင်း အပါဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးများ လုပ်ဆောင်ရန်တို့ ပါဝင်သည်။
၂၀၂၀ ပြည့်နှစ် NLD အစိုးရလက်ထက်တွင် လျှပ်စစ်မီးပြတ်တောက်ခြင်းမရှိစေရန် စီမံထားသည့် သဘာဝဓာတ်ငွေ့အရည် ( LNG) တန်ချိန် တစ်သိန်းကျော်ပါဝင်သည့် CNTIC VPOWER ENERGY သင်္ဘောကြီးရောက်ရှိပြီး စစ်ကောင်စီအာဏာသိမ်း ပြီးနောက် ငါးနှစ်စာချုပ်မပြည့်ခင်တွင်ပင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။
ဓာတ်ပုံ – စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန
#စစ်ကောင်စီ #ကာတာနိုင်ငံ #LNG #သဘာဝဓာတ်ငွေ့ရည် #ဝယ်ယူ #လျှပ်စစ်မီးပြတ် #Ayeyarwaddy_Times