
ဧရာဝတီတိုင်းမ်
(ရေး)၊ မေ ၁၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရေးဘီလူးအဖွဲ့မှ ပြီးခဲ့သည့် မေ ၁၄ ရက်နေ့က လမ်းစစ်ဆေးရေးနှင့် လုံခြုံရေးကိစ္စများကို ဆောင်ရွက်နေစဉ် စစ်ကောင်စီလက်အောက်ခံ ခမရ-၅၈၇ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး၏သားကို ဖမ်းဆီးရမိခဲ့ကြောင်း သ်ိရသည်။
ရေး-မော်လမြိုင် လမ်းမကြီးပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များက ခရီးသွားပြည်သူများကို စစ်ဆေးရေးလုပ်နေစဉ်တွင် အဆိုပါနေရာနှင့်မနီးမဝေးရှိ ခမရ-၅၈၇ တပ်ရင်းမှ တပ်ကြပ်ကြီး၏သားကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းထံမှ အရေးကြီးသည့်အချက်အလက်များကို စစ်ဆေးနိုင်ရန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ တွေကတော့ ဒီကလေးကို စစ်ဆေးမေးမြန်းဖို့ တခုပဲခေါ်ထားတယ်။ ကျန်တဲ့အခန်းကဏ္ဍတွေက ဘာမှပြုလုပ်သွားဖို့မရှိဘူး။ လောလောဆယ်မှာတော့ ပြန်မလွှတ်ရသေးဘူး။ ကျွန်တော်တို့ လက်မှာပဲထိန်းသိမ်းထားသေးတယ်။ နောက်တစ်ခုကလည်း ဒီထွက်ဆိုချက်တွေမှာ အရေးကြီးတဲ့ သတင်းတွေလည်း ရယူဖို့ အများကြီးရှိတယ်။ အဲ့တာကြောင့်မို့ ကျွန်တော်တို့က သူ့ကိုဆက်ပြီးထိန်းသိမ်းထားတုန်းပဲဗျ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တပ်ကြပ်ကြီး၏သားဖြစ်သူထံမှ တပ်ရင်းမှူးဖုန်းနံပါတ်များ၊ ရာထူးမြင့် စစ်ဗိုလ်များ၏ ဖုန်းနံပါတ်များ၊ အတူတွဲရိုက်ထားသည့်ပုံများကိုတွေ့ရှိရပြီး လိုအပ်သည့်အချက်အလက်များကို စစ်ဆေးမေးမြန်းနိုင်ရန်အတွက် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် မေ ၁၄ ရက်နေ့က ရေးမြို့နယ်အခြေစိုက် ခမရ-၅၈၆၊ ၅၈၇ တပ်ရင်း၊ အမတ-၃၄၃ တပ်ရင်း နှင့် စစ်ကောင်စီလက်အောက်ခံများ တပ်စွဲထားသည့် ခံသင်း စစ်ဆေးရေးဂိတ်စခန်းတို့ အနီးရှိ အမှတ်-၈ ကားလမ်းမကြီးကို ထိန်းချုပ်ကာ လမ်းစစ်ဆေးရေးများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – လမ်းစစ်ဆေးရေးပြုလုပ်နေသည့်ရေးဘီလူးအဖွဲ့သားများ
#ရေး #ရေးဘီလူး #ခမရ၅၈၇တပ်ရင်း #တပ်ကြပ်ကြီးသား #ဖမ်းဆီးရမိ #စစ်ဆေးမေးမြန်း #Ayeyarwaddy_Times