ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊လှေကြီးတက်ကျေးရွာအုပ်စု၊ နံနံပင်ကုန်းကျေးရွာတွင်မေလ ၁၃ရက်နေ့က မိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်သောကြောင့် လူနေအိမ် လေးလုံးပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်းဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရှိရသည်။

“ခုရက်တွေ မိုးရွာတာနဲ့ လေကပါလာရော ကွင်းပြင်ဘက်တွေမှာ ဆောက်တဲ့နေအိမ်တွေ ဆို ပြိုကျပျက်စီးတာများပါတယ်”ဟုဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြိုကျပျက်စီးသွားသော နေအိမ်လေးလုံးတွင် သုံးလုံးမှာ လေပြင်းဒဏ်ကြောင့် လုံး၀ပျက်စီးသွားပြီး တစ်လုံးမှာ အမိုးလန်ပျက်စီး ခြင်းသာရှိကြောင်းသိရှိရပြီး နေအိမ်များတွင်နေထိုင်သူများကို လက်ရှိတွင်ကျေးရွာအုပ်ချုပ်ရေးမှ ယာယီနေထိုင်ရန်စီစဥ်ပေးထားကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် မေလ ၈ရက်နေ့မှ ၁၀ရက်နေ့အတွင်းမိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်သောကြောင့်လူနေအိမ်၂၈လုံး၊စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

#မိုးသည်းထန်စွာရွာ #လေပြင်းတိုက် #သာပေါင်း #လူနေအိမ်၄လုံးပျက်စီး #Ayeyarwaddy_Times