ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ သြဂုတ်လ ၆ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က အသက် ၁၁ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး အချိန်မီ ဆေးကုသခွင့်မရသဖြင့် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ သြဂုတ်လ (၆)ရက် မနက်ပိုင်းတွင် စစ်ဘေးရှောင်ကလေးငယ် မောင်နိုးနိုးလပြည့်မှာ အမောဖောက်လာပြီး အချိန်မှီဆေးကုသခွင့်မရရှိသဖြင့် နေ့လည်ပိုင်းတွင် ဆုံးပါးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ကလေးက အဆုပ်သိပ်မကောင်းတော့ ခဏခဏနေမကောင်းဖြစ်တယ်။ ကျန်းမာရေးအရမ်းချူချာတယ်။ မနက်ကအသည်းသန်နေမကောင်းဖြစ်ပြီး အမောဖောက်ပြီး ဆုံးသွားရတယ်။ ဆေးကုဖို့ကလည်း အချိန်မမှီတော့ဘူး။ စစ်ဘေးရှောင်စခန်းမှာလည်း ဆေးဝါးလုံလုံလောက်လောက်မရှိဘူး” ဟု သေဆုံးသူကလေးငယ်၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဧကနိရွာ၊ခမောင်းချောင်းရွာ၊ဝက်ချောင်းရွာ၊ရငဲရွာ၊ပုဂေါဇွန်းရွာ၊ဝဇွမ်းတောရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ဝန်းကျင်မှာ လက်ရှိမိုးတွင်းကာလအတွင်း ဆေးဝါး၊ စားနပ်ရိက္ခာ နှင့် မိုးကာများလိုအပ်လျှက်ရှိနေကြောင်း စစ်ဘေးရှောင်ပြည်သူများ၏ ပြောဆိုချက်များအရ သိရသည်။