ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်

အာဏာသိမ်း စစ်ကောင်စီက အမေရိကန်ဒေါ်လာများ အလွန်အမင်းထိမ်းချုပ်မှုများ ပြုလုပ်ပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ သြဂုတ်လ ၆ ရက်နေ့တွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၇၄ ကျပ်အထိ မြန်မာငွေတန်ဖိုးများ တဟုန်ထိုးကျဆင်းနေကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ရှိခဲ့ရာမှ သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၇၄ ကျပ်အထိ တဟုန်ထိုး ကျဆင်းသွားခြင်းဖြစ်ကြောင်း ထိုင်း – မြန်မာနယ်စပ်ရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“လက်ရှိက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၃၅၀ ပဲ ရှိတော့တယ်။ မနေ့ကစပြီး အဲ့ဈေးကို ထိုးကျတာ။ ကျွန်တော်တို့ သိမှီသမျှတော့ ဒီငွေလဲနှုန်းက စံချိန်တင်ဈေးကျတာပဲ”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ငွေလဲလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ငွေလဲဈေးကွက်၌ မြန်မာငွေပေး၍ ထိုင်းဘတ်ယူမည်ဆိုလျှင် မြန်မာငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၃၅၀ ဘတ် (၁ ဘတ်လျှင် ၇၄ ကျပ်နှုန်း) ဖြင့်လည်းကောင်း၊ ထိုင်းဘတ်ငွေပေး၍ မြန်မာငွေယူမည်ဆိုလျှင် ၁၄၅၀ ဘတ်ပေးလျှင် မြန်မာငွေ ၁ သိန်းကျပ်နှုန်း (၁ ဘတ်လျှင် ၆၈ ကျပ်နှုန်း) ဖြင့် လဲလှယ်လုပ်ကိုင် နေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၈ လအကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၅၀ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ရာမှ ၁၀ လအကြာတွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၇၄ ကျပ်အထိ မြန်မာကျပ်ငွေတန်ဖိုးများ စံချိန်တင် ကျဆင်းနေခြင်းဖြစ်သည်။

ပြင်ပဈေးကွက်၌ ထိုင်းငွေ ၁ ဘတ်လျှင် ၇၄ ကျပ်ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၅၉ ကျပ်ဟု သတ်မှတ်ထုတ်ပြန်ထားသည်။ ဗဟိုဘဏ် သတ်မှတ်ချက်နှင့် ပြင်ပပေါက်ဈေးက ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၁၅ ကျပ်ဝန်းကျင်အထိ ကွာဟနေသည်။

ထိုသို့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ပြည်ပမှတင်သွင်းသည့် ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့်အခြားသော တင်သွင်းပစ္စည်းဈေးနှုန်းများ ဆက်လက်မြင့်တက်ဖို့ ရှိနေကြောင်း မဲဆောက်မြို့မှ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုက ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေနဲ့ အမေရိကန်ဒေါ်လာတန်ဖိုးတွေ ကျနေတာ မဟုတ်ဘူး။ မြန်မာကျပ်ငွေတစ်ခုတည်း ထိုးကျနေတာ။ အဲတော့ ပြည်ပကတင်သွင်းတဲ့ စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းကအစ ပြည်ပကဝယ်ရတဲ့ပစ္စည်းမှန်သမျှ အခုထက် ပိုပြီးဈေးတက်မှာ ကျိန်းသေပါပဲ”ဟု သူက ပြောသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ထိုးကျနေသဖြင့် မြန်မာငွေကိုင်ထားသူ ကုန်သည်များ ဆက်တိုက် အရှုံးပေါ်နေပြီး ငွေလဲနှုန်းများ မတည်ငြိမ်သည့်အတွက်ကြောင့် ထိုင်း – မြန်မာနယ်စပ်ရှိ ငွေလဲလုပ်ငန်းတချို့လည်း လုပ်ငန်းများ ရပ်နားထားကြောင်း သိရသည်။