
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ မေလ ၁၄ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့ ပစ်ခတ်မှုဖြစ်ပွါးကြသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ဖလမ်းမြို့ စျေးဟောင်းရပ်ကွက်အနီးတွင် ယမန်နေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် ခန့်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ရဲဘော်များသည် မြို့တွင်း စစ်ဆင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်စဥ် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့မူဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရဲဘော်တွေက မြို့တွင်း စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ သွားလုပ်နေတာပါ။ အဲ့ဒီမှာ စစ်ကောင်စီ ကင်းပုန်းနဲ့တိုးပြီး ပစ်ခတ်မှု ဖြစ်သွားတာပါ။ ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီကဘက်က တစ်ယောက်သေတယ်။ ကလေးတစ်ယောက် ဒဏ်ရာရတယ်။” ဟု CNDF တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီ၏ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင်း အသက် ခုနှစ် နှစ် အရွယ် ကလေးငယ်တစ်ဦးသည် ညာခြေထောင်ပေါင်တွင် ကျည်ထိမှန်ပြီး ဆေးရုံတွင်ပို့ဆောင်ထားကာ ကျည်ထုတ်နိုင်ပြီဖြစ်ပြီးသည့်အတွက် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။
“ကလေးကို ဆေးရုံပို့ထားလို့ စိုးရိမ်စရာလည်း မရှိတော့ဘူး။ ကျည်လည်း ထုတ်နိုင်ခဲ့ပါပြီ။ စစ်သားတွေက ကြောက်လန့်ပြီး သေနတ်ကို မနားတမ်း ရမ်းသမ်းပစ်ခတ်လို့ ကလေးကို ကျည်ထိသွားတာလေ။ တိုက်ပွဲဖြစ်ကြတာလည်း မဟုတ်ဘူး။ သေနတ်က အဲ့လောက် ပစ်စရာမှမလိုတာ။ မြို့ထဲမှာဆို အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်။ အခုမြို့အပြင်မှာ ဖြစ်လို့ အရပ်သားသေဆုံးမရှိတာ။ တော်သေးတာပေါ့” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့များက ကင်းပုန်းများ၊ ဘန်ကာများ အခိုင်အမာတည်ဆောက်ထားပြီး မြို့ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ရဲဘော်များကို တွေ့ရစဥ်။
#ချင်းပြည် #ဖလမ်း #ပစ်ခတ်မှုဖြစ် #စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး #သေဆုံး #Ayeyarwaddy_Times