
ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာ၊ငွေဆောင်နှင့်ရွှေသောင်ယံစသည့်မြို့နယ်ခွဲများမှ ကုန်တင်ယာဉ်များကို ပုသိမ်သို့ တစ်ပတ်လျှင်သုံးရက်သာ ကုန်စည်တင်ပို့ရန် တိုင်းစစ်ကောင်စီက ကန့်သတ်လိုက်ကြောင်းသတင်းရရှိသည်။
ချောင်းသာ၊ ငွေဆောင်နှင့်ရွှေသောင်ယံစသည့်မြို့နယ်တို့ရှိကုန်တင်ယာဉ်များအနေဖြင့် ယမန်နေ့(မေလ ၁၃ ) ရက်ကစပြီး တစ်ပတ်လျှင် ရုံးဖွင့်ရက် ဖြစ်သည့် (တနင်္လာ၊အင်္ဂါနှင့်ဗုဒ္ဓဟူး)နေ့များတွင်သာ ပုသိမ်မြို့တွင်းသို့ကုန်စည်တင်ပို့ရန် တိုင်းစစ်ကောင်စီမှတဆင့် မြို့နယ်ထွေအုပ်ရုံးမှ နှုတ်ဖြင့်ညွှန်ကြားခဲ့ကြောင်း ဒေသခံကုန်သည်များထံကသိရသည်။
“ တစ်ပတ်ကိုသုံးရက်ပဲ ပုသိမ်မြို့ကိုကုန်ပို့ခွင့်ရတယ်။ ဘယ်လိုကုန်တင်ယာဉ်မဆို သုံးရက်ပဲပို့ခွင့်ရမယ်ပေါ့။ ချောင်းသာနဲ့ငွေဆောင်မှာမြို့အုပ်ချုပ်ရေးမှူးတွေက ကုန်သည်တွေကိုခေါ်ပြီးတော့နှုတ်နဲ့ပြောတယ်။ရွှေသောင်ယံမှာလည်းအဲ့အတိုင်းပဲပြန်ကြားတယ်။ဘာလို့လဲတော့သေချာမပြောဘူး”ဟုချောင်းသာမြို့ခံကုန်သည်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အတူရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် အာရက္ခတပ်တော် ( AA)မှဧရာဝတီတိုင်းအတွင်းသို့ပင်လယ်လမ်းကြောင်းမှ တဆင့်ဝင်ရောက်နိုင်ရောက်နိုင်သည်ဟု အကြောင်းပြကာ ဒေသခံ ကုန်တင်ယာဉ်များကို ပုသိမ်မြို့တွင်းသို့ ရက်
အကန့်အသတ်ဖြင့်သွားလာခွင့်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်းအသိုင်းအဝန်းထံကသိရသည်။
“ ရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲအခြေအနေကောAAတွေပါ မြို့ထဲဝင်နိုင်တယ်ပေါ့။အဲ့တာကြောင့်ပင်လယ်နဲ့ကပ်တဲ့မြို့ကကုန်ကားတွေနဲ့ ပုသိမ်မြို့ထဲကို ဝင်လာမှာစို့လို့ သွားလာခွင့်ပိတ်ပင်ခံရတာ။ အခု ကုန်တင်ယာဉ်မောင်းတွေအနေနဲ့က ခေါက်ကြေးနဲ့ဆွဲရတာဆိုတော့ခက်ခဲကုန်တာပေါ့။ ပုံမှန်ကားဆွဲရာကနေ အခုလိုမျိုးကန့်သတ်ခံရတာဆိုတော့ မိသားစုစားဝတ်နေရေးအတွက်ပါခက်ကုန်တယ်။ ရေရှည်ဆိုအဆင်မပြေနိုင်လောက်ဘူး”ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးကဆိုသည်။
အလားတူ ချောင်းသာ-ငွေဆောင်-ရွှေသောင်ယံသို့သွားလာနေသည့် ခရီးသည် ယာဉ်များအနေဖြင့် ခရီးသည်လိုက်ပါခြင်းမရှိပဲ ကုန်ပစ္စည်း (လူမဲ့တန်ဆာ) တင်ဆောင်ခွင့် အပေါ် ယမန်နေ့ကစပြီးကန့်သတ်ပိတ်ပင်လိုက်ကြောင်း ကုန်တင်ယာဉ်မောင်းအသိုင်းအဝန်းထံက သိရှိရသည်။
#ချောင်းသာ #ငွေဆောင် #ရွှေသောင်ယံ #ကုန်တင်ယာဉ်များဘ#တစ်ပတ်လျှင်သုံးရက်သာကုန်စည်ပို့ခွင့်ပြု #ပုသိမ်မြို့ #Ayeyarwaddy_Times