ဧရာဝတီတိုင်းမ်
မေ ၁၄ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး သံတွဲမြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ရှောင်နေကြရကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ ဝန်ထမ်းအချို့နှင့် စီမံကိန်းအနီးရှိ ကျေးရွာ ၂၀ ခန့်မှ ဒေသခံများသံတွဲမြို့ပေါ်သို့ စစ်ရှောင်လာကြကြောင်း သိရသည်။

သံတွဲမြို့ပေါ် သိမ်ကုန်းရပ်ကွက်ဘုန်းကြီးကျောင်းနှင့် လေးမျက်နှာကုန်းဓမ္မာရုံတို့တွင် စစ်ရှောင်အများအပြား ရောက်ရှိခိုလှုံလျှက်ရှိကြောင်း သိရသည်။

“မြို့ပေါ်ကလူတွေကတော့ စစ်ရှောင်တာနည်းသေးတယ်။ သံတွဲ- တောင်ကုတ်အစပ်၊ တောင်ကုတ်-ပြည် ရိုးမအစပ်က လူတွေစစ်ရှောင်လာကြတယ်။ သူဌေးရေအား လျှပ်စစ်က လူတွေကို စစ်ကောင်စီက ပိတ်မပစ်ခင်လေးတင် စီမံကိန်းက လူတွေလည်း ရှောင်လာကြတယ်။ သံတွဲက လေးမျက်နှာ ဓမ္မာရုံမှာ နေကြတယ်။ ဓမ္မာရုံဆိုလို့ အကာအရံနဲ့ လုံလုံခြုံခြုံမဟုတ်ဘူး။ ဇရပ်လို ဟာလာဟင်းလင်းကြီးထဲ နေရတာ” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မေ ၁၃ရက်နေ့တွင် ဘားဒေါင်းတောင်မှ ပစ်ခတ်လိုက်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်သည် သံတွဲမြို့နယ် အောက်နတ်မော်ကျေးရွာအတွင်း ပေါက်ကွဲပြီး ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည့် အောက်နတ်မော်ကျေးရွာသည် ရွှေလှေရွာနှင့် နီးပြီး စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှဇာတိ ဇီးကျွန်းရွာနှင့် လည်း နီးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးရှိ စစ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဘားဒေါင်းတောင်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တပ်စခန်းများမှနေ၍ လက်နက် ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ရွှေလှေလေး၊ ဂေါ့ကမ်းခြေ၊ ပုလဲကျွန်းနှင့် ခမောင်းတုန်းအနီး ရေတပ်များမှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်ကျေးရွာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီက ပစ်ခတ်၍ ပုရစ်၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ကျောင်းကုန်း၊ ဘုရားမော်၊ ချင်းကွင်း၊ရွှေလှေ ကျေးရွာများနှင့် ရွာပေါင်း ၂၀မှပြည်သူများ စစ်ဘေးရှောင် နေရကြောင်း သိရသည်။

#သံတွဲ #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #ဒေသခံပြည်သူများစစ်ရှောင် #Ayeyarwaddy_Times