ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းခံခဲ့ရသည့် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ အမျိုးသမီး နှစ်ဦး မှာ ဖမ်းဆီးခံခဲ့ရသည့် နေ့မှ လေးရက်အကြာ ယနေ့ မေလ ၁၄ ရက် နေ့အထိ မိသားစု နှင့်အဆက်အသွယ်ရရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၉ ရက်နေ့ ညသန်းခေါင်ယံတွင် ရေဘဝဲ စီမံရေးရာတာဝန်ခံ အမျိုးသမီးနှင့် မြေပြင်သပိတ်ရဲဘော် S4 ဆိုသူ အမျိုးသမီး နှစ် ဦးကို ဧည့်စာရင်းအကြောင်းပြကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်း ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းထံက သိရသည်။

ဖမ်းဆီးခံရသည့် ရေဘဝဲအဖွဲ့ဝင် အမျိုးသမီးနှစ်ဦးမှာ အသက် ၂၁ နှင့် ၂၇ ဝန်းကျင် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

“အခုအချိန်ထိ သတင်းအစအနမရသလို ဖမ်းဆီးခံရတဲ့ရဲဘော်တွေရဲ့ အုပ်ထိန်းသူတွေ နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့သာမန်ပြည်သူတွေပါ ခြိမ်းခြောက်ခံထားရတဲ့အခြေအနေပါခင်ဗျာ။ ကျန်တဲ့အဖွဲ့ဝင်တွေ ယခုအချိန်ထိဘေးကင်းလုံခြုံလျက်ရှိပါတယ်ခင်ဗျာ” ဟုရေဘဝဲဥက္ကဋ္ဌက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းသည် ရန်ကုန်အခြေစိုက် လက်နက်မဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့ဖြစ်ပြီး သပိတ်တိုက်ပွဲများ၊ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ စစ်ဘေးရှောင် ထောက်ပံ့ကူညီမှုများ ပြုလုပ်နေသည့် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ကာ အဖွဲ့ဝင် အမျိုး သမီး နှစ်ဦးကို စစ်ကောင်စီက ယခုကဲ့သို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“နွေဦးတော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့စဥ်ကတည်းက တော်လှန်ရေးယုံကြည်ချက်၊ နိုင်ငံရေးခံယူချက်တွေနဲ့ လျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒီခရီးလမ်းမှာ အခန့်မသင့်ရင် ခလုတ်တိုက်တာ၊ ဆူးစူးတာတွေ စတဲ့ ဒီလိုအန္တရာယ်တွေကြုံလာနိုင်တာကို ကျွန်တော်တို့ ကြိုတင်တွက်ဆပြီးသားဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ ဘယ်လိုပဲရက်စက်ယုတ်မာ ဖိနှိပ်ပါစေ ကျွန်တော်တို့အနေနဲ့ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူပြီး အရေးတော်ပုံကြီး အောင်မြင်သည်အထိ ပြည်သူလူထုနဲ့အတူ ဆက်လက်ချီတက်သွားမှာဖြစ်ပါတယ်ခင်ဗျာ” ဟု ရေဘဝဲ ဥက္ကဋ္ဌ ကဆက်လက်ပြောသည်။

စစ်ကောင်စီက မည်သို့ပင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ် နေစေကာမူ မြို့ပြပြောက်ကျား(UG) ရဲဘော်များမှာ စစ်ဆေးဖမ်းဆီးမှုကို ပိုမိုလုပ်ဆောင်ခြင်းခံရနိုင်သည့် မြို့ကြီးများပေါ်တွင် သက်ဆိုင်ရာ တာဝန်များကို အခက်အခဲများထဲမှ ကျေ​ြပွန်စွာတာဝန်ထမ်းဆောင်နေကြသည်ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ဆိုသည်။

ထိုသို့ ကျေပွန်စွာတာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့အစည်းများအနက် ရေဘဝဲ လူငယ်အဖွဲ့အစည်းမှ အဖွဲ့ဝင် ၁၄ ဦးအထိ စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်း ခံထားရပြီး အမျိုးသမီး ငါး ဦးအထိပါဝင်ကာ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး နှင့် အမျိုးသား ရှစ် ဦး ပါဝင် ကြောင်းလည်း သိရသည်။

စစ်တပ်၏ အာဏာသိမ်းပြီး သုံး နှစ်တာကာလအတွင်း ယမန်နေ့ မေ ၁၃ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်သည့် ဒီမိုကရေစီအရေးလုပ်ရှားသူနှင့် ပြည်သူအမျိုးသမီး အရေအတွက်မှာ ၃၉၅၇ ဦး အထိရှိကြောင်း နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ထံက သိရသည်။

ဓာတ်ပုံ – OCTOPUS
#ရန်ကုန် #ရေဘဝဲလူငယ်အကျိုးပြုအဖွဲ့အစည်း #အမျိုးသမီး #ဖမ်းဆီးခံရ #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)