
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၁၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီ သုံးစီးပါယာဥ်တန်းကို ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံးပကဖ) တာဝန်ရှိသူထံက သိရသည်။
ကင်းလှည့်နေသည့် စစ်ကောင်စီ၏ သုံးစီးပါယာဥ်တန်းကို ပြီးခဲ့သည့် မေလ ၁၂ ရက် ည ၁၁ နာရီ ၃၇ မိနစ်ခန့်က ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းအရောက်တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ကား တစ်စီးထိမှန်ခဲ့ပြီးသုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“အဲ့ဒီစစ်ကောင်စီတပ်သားတွေက မြို့ထဲမှာနေ့တိုင်းကင်းပတ်ပြီးလှည့်တယ်။ ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို သေနတ်ပြပြီး ခြိမ်းခြောက်တယ်။ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုတွေလုပ်တယ်။ ကျွန်တော်တို့ တိုက်ခိုက်ဖို့စောင့်ကြည့်နေတာကြာပြီဗျ။ အခုအခွင့်ကြုံတာနဲ့ တိုက်ခိုက်လိုက်တာ။ အခုကျွန်တော် တို့တိုက်ခိုက်လိုက်တဲ့ မိုင်းက တော် တော်လေးကို ပေါက်ကွဲအားပြင်းပြီး ထားဝယ်မြို့ကြီး တစ်မြိုလုံးတောင် တုန်ခါသွားတယ်”ဟု လောင်းလုံး(ပကဖ) ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
ပြင်းအားမြှင့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီးထိမှန်ခဲ့ပြီး ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားကာ လမ်းတစ်လျှောက် ရမ်းသန်းပစ်ခတ်၍ အရှိန်မြှင့် မောင်းပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံး ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ထားဝယ်ဆေးရုံကြီး ကိုဗစ် လူနာအဆောင်တွင် ဆေးကုသမှု ခံယူနေရပြီး သေဆုံးမှု အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးကြောင်း ကိုရှဲဒိုး က ဆက်လက် ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) နှင့် ဒေါင်းညီနောင်စစ်ကြောင်း တို့မှ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လောင်းလုံး ပကဖ အနေဖြင့် ပြင်းအားမြှင့်မိုင်းများဖြင့် မြို့တွင်းတိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးကပ်စွာ နေထိုင်ခြင်းမပြုရန် မေတ္တာရပ်ခံ သတိပေးထားသည်။
ပုံစာ-စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ သည့် ကမ်းနားလမ်း သဲကွင်း။
#ထားဝယ်မြို့ #ကင်းလှည့် #စစ်ကောင်စီယာဥ်တန်း #အဝေးထိန်းမိုင်း #ဖောက်ခွဲတိုက်ခိုက် #စစ်ကားတစ်စီးထိမှန် #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times