ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

မဏိပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့မယ့်အစီအစဉ် ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ ဒုက္ခသည်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့နေရာတွေကို အတင်းအကြပ် ပြန်မပို့ရေးဆိုတဲ့ နိုင်ငံတကာ သ ဘောတူညီချက်ကို လေးစားသမှုရှိဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (ICJ) က အိန္ဒိယနိုင်ငံကို တောင်း ဆိုလိုက်ပါတယ်။

မဏိပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၅၄၅၇ ဉီးကို ဖော်ထုတ်ခဲ့ပြီး ၅၁၇၃ ဉီးရဲ့ အချက်အလက် တွေကို ကောက်ခံပြီးကာ နေရပ်ပြန်ပို့ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းဂျ်က ပြောကြားပြီးနှစ်ရက်အကြာမှာ ICJ က အခုလို ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။

မဏိပူရ်ပြည်နယ်အစိုးရဟာ မတ်လ ၈ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ မြန်မာဒုက္ခသည် ၇၇ ဉီးကို နှင်ထုတ်ခဲ့သလို မေလ ၂ ရက်က မြန်မာဒုက္ခသည် ၃၈ ဉီး ကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

အိန္ဒိယအစိုးရရဲ့ မြန်မာဒုက္ခသည် ၇၇ ဉီးကို အဓမ္မ နေရပ်ပြန်ပို့တာဟာ ဒုက္ခသည်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့နေရာတွေကို အတင်းအကြပ် ပြန်မပို့ရေးဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ပြီး နောက်ထပ် မြန်မာဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်ပို့မှုကို ချက်ချင်း ရပ်ဆိုင်းရမယ်လို့ ဂျီနီဗာမြို့တော်အခြေစိုက် ICJ ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်နေပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်တာကြောင့် မြန်မာဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်ပို့တာဟာ ဒုက္ခသည်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့နေရာတွေကို အတင်းအကြပ် ပြန်မပို့ရေးဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ICJ ရဲ့ ဉပဒေအကြံပေး မန်ဒီရာရှာမာက ပြောပါတယ်။

မြန်မာဒုက္ခသည်တွေကို အတင်းအကြပ်နေရပ်ပြန်ပို့ပါက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ၎င်းတို့ဟာ ဆိုးဝါးတဲ့အန္တရာယ်တွေ တွေ့ကြုံရနိုင်တယ် ICJ က ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီး အတင်းအကြပ် စစ်သားစုဆောင်းတာ၊ တရားမဝင် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်မှုတွေကို အရပ်သားတွေအပေါ် ကျူးလွန်နေလို့ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာ ဒုက္ခသည်တွေ အဆိုပါအန္တရာယ်တွေ ကြုံတွေ့ရနိုင်တယ်လို့ ICJ က ပြောပါတယ်။

ကိုးကား – The Telegraph
Ref; Stop return of Myanmar refugees from Manipur: International Commission of Jurists to India

#Ayeyarwaddy_Times