ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သော နေပြည်တော် ကျောက်မျက်ပြပွဲ ပြီးဆုံးပြီဖြစ်ကာ ယခုနှစ်တွင် ကျောက်မျက် အပါအဝင်ပုလဲနှင့် ကျောက်စိမ်းအတွဲရောင်းရမှုတွင် အတွဲ ၈၀၀ နီးပါးလျော့နည်းကြောင်း သိရသည်။

ယခုနှစ် စစ်ကောင်စီ၏ ကျောက်မျက်ပြပွဲတွင် အတွဲ ပေါင်း ၃၂၁၅ တွဲရောင်းချပြီး ၂၀၂၃ ခုနှစ်နှစ်လယ်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၀၀ ကျော်ရောင်းချရကြောင်း စစ်ကောင်စီထံမက သိရသည်။

မေ ၃ ရက်မှ ၁၂ ရက်နေ့အတွင်းကျင်းပနေသော (၅၉) ကြိမ်မြောက်ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စု A နှင့် အုပ်စု B မှ ကျောက်စိမ်းအတွဲ ၁၅၃၉ တွဲနှင့် အုပ်စု C မှ ကျောက်စိမ်းအတွဲ ၁၇၁၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၃၂၅၁ တွဲကို ရောင်းချပေးနိုင်ကြောင်းသိရသည်။

နိုင်ငံခြားဝင်ငွေလိုအပ်နေ၍ ရောင်းချသော စစ်ကောင်စီ၏ ကျောက်မျက်ပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်စိမ်းအတွဲများကို ဝယ်ယူရခြင်းစနစ်နှင့် တင်ဒါစနစ်နှစ်မျိုးအသုံးပြုကြောင်းသိရသည်။

စစ်ကောင်စီကမူ နိုင်ငံခြားငွေရရှိစေရန်အပြင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများ ကုန်ကြမ်းရရှိစေရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ယခုပြပွဲတွင် ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ ကျောက်စိမ်းအတွဲများကို အုပ်စုသုံးစု A၊ B၊ C သတ်မှတ်ပြီး A နှင့် B အုပ်စုဝင်အတွဲများကို အမေရိကန်ဒေါ်လာအပြင် ၎င်းနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြင် အုပ်စု C ကျောက်စိမ်းအတွဲအမျိုးအစားကို ပြည်တွင်းရတနာ ကုန်သည်များသာ မြန်မာကျပ်ငွေဖြင့် အာမခံစပေါ်ငွေပေးပြီးဝယ်ယူခွင့်ရှိကြောင်း စစ်ကောင်စီထံက သိရသည်။

စစ်ကောင်စီတူးဖော်ရရှိထားသော သဘာဝသယံဇာတကျောက်မျက်များထဲမှ ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၀၀ တွဲရောင်းချခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – MOI
#စစ်ကောင်စီကျောက်မျက်ပြပွဲ #နိုင်ငံခြားငွေရရှိရေး #Ayeyarwaddy_Times