
ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးဖြင့်ကြဲချ၍ တော်လှန်ရေးရဲဘော်များအပါအဝင် ဒေသခံပြည်သူ ခြောက်ဦး သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်ဖြစ်သူများ နှင့် ၂၀ ကျော်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တံတားဦးလေတပ်မှ တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် မေလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ဒီပဲယင်း မြို့နယ်အတွင်းရှိ ထန်းတပင်၊ ကိုင်းကံ၊ မကျည်းအုပ်ရွာများကို လေကြောင်းမှ လာရောက်တိုက်ခိုက်ရာ မကျည်းအုပ်ကျေးရွာ စာသင်ကျောင်းသို့ ပေါင် ၅၀၀ ဗုံးလေးလုံးကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“PDF တွေ အစည်းအဝေးလုပ်နေကြတယ်ဆိုပြီး သတင်းပေးတဲ့လူရှိလို့ အဲ့ဒီလို လာချ တာပေါ့။ ပေါင် ၅၀၀ ဗုံးနဲ့ လေးလုံးတောင်လာချတာ။ ကျောင်းထဲအပြင် မကျည်းအုပ် ကျေးရွာအနီးနားအကုန်လုံး လှည့်ပတ်ပစ်သွားတယ်။ ဗုံးစထိပြီး နှစ် ယောက်က ခြေပြတ်တယ်။ သုံးယောက်က လက်ပြတ်သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အထဲက ခုနစ် ယောက်က အသက်လုနေရတယ်။ တခြားဒဏ်ရာရတဲ့ သူတွေကို ကူညီရေးအဖွဲ့တွေက လုံခြုံတဲ့နေရာမှာ ခေါ်ပြီးကုပေးနေတယ်လို့ သိရတယ်”ဟု ဒီပဲယင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် မကျည်းအုပ်ကျေးရွာမှ PDF ရဲဘော် ဥက္ကာ (၁၉) နှစ်၊ ရဲဘော်ကြယ်စင် (၁၈) နှစ်၊ ရဲဘော်ဘန့်ဘွေး (၂၅) နှစ်၊ ရဲဘော် ငဒေါင်း (၂၁) နှစ်တို့အပြင် ဒေသခံပြည်သူနှစ်ဦးဖြစ်သည့် ဦးအုန်းသန်း (၆၉) နှစ်၊ ကိုစံလင်း (၂၈) နှစ် တို့သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါ အဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ခြေလက်အင်္ဂါပြတ်တောက်သွားသူ ငါး ဦးရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ခုနစ် ဦးအထိရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။
ပုံစာ-မကျည်းအုပ်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချပြီးနောက် ပျက်စီးမှုများ
#စစ်ကိုင်း #ဒီပဲယင်း #မကျည်းအုပ် #စစ်ကောင်စီ #လေကြောင်း #ပေါင်၅၀၀ဗုံးကြဲချ #ဒေသခံပြည်သူများ #သေဆုံး #Ayeyarwaddy_Times