ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မေ ၁၃ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သောကြောင့် ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းအပါဝင် လူနေအိမ် ငါးလုံးပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာတွင် ယမန်နေ့ မေလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီမှလေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်သောကြောင်း ရိုမန်ကက်သလစ် ဘုရားကျောင်းနှင့် ဇိုနှစ်ခြင်း ဘုရားကျောင်း နှစ်ကျောင်းနှင့် အရပ်သား နေအိမ် ငါးလုံး ပျက်စီးသွားခြင်းဖြစ်သည်။

“မနေညက ရွာကို ဗုံးကြဲသွားပါတယ်။ ရွာမှာတော့ တိုက်ပွဲ မရှိသေးပါဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်မှာကို ကြောက်လန့်ပြီး ရွာသားတွေက ကြိုရှောင်ထားလို့ လူထိခိုက်မှုတော့ မရှိဘူး။ ဘုရားကျောင်းနှစ်ကျောင်းနဲ့ အိမ်တွေက ပျက်စီးသွားပါတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်သောကြောင့် လုံတပ်ကျေးရွာ၊ ဖိုင်တူကျေးရွာနှင့် နာ့ဇန်ကျေးရွာတို့မှ ဒေသခံ အရပ်သား တစ်ထောင်ခန့်သည် ဘေးလွက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

တွန်းဇံမြို့ပေါ်တွင် မေလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

“မေလ ၉ ရက်နေ့ညက တွန်းဇံမှာ CNA၊ CDF တို့နဲ့ စစ်သားတွေ တိုက်ပွဲဖြစ်တယ်။ မေလ ၁၀ ရက်နေ့ မနက်ထိ တိုက်ပွဲဖြစ်တုန်းပါ။ အခုတော့ တိုက်ပွဲမရှိတော့ဘူး။ ငြိမ်နေသေးတယ်။ မနေ့ကနေစလို့ မြို့အဝင်၊အထွက်ကို စစ်သားတွေက ပိတ်လိုက်ပါပြီ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်နေသည့် တွန်းဇံမြို့တွင် မေလ ၁၁ ရက်နေ့မှစ၍ စစ်ကောင်စီက မြို့အဝင်/အထွက်များကို ပိတ်လိုက်ကြောင်း သိရှိရသည်။

တွန်းဇံမြို့နယ်ရှိ အရပ်သားများနေထိုင်သည့် မြို့ရွာများတွင် တိုက်ပွဲများ မဖော်ဆောင်ရန်နှင့် ရှောင်ရှားပေးရန် ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ဒေသခံ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများက တောင်းဆိုထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင်း ပျက်စီးသွားသည့် လုံတပ်ကျေးရွာမှ လူနေအိမ်များနှင့် ဘုရားကျောင်းများကို တွေ့ရစဥ်။
#တွန်းဇံမြို့နယ် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #ဘုရားကျောင်း #နေအိမ်များပျက်စီး #Ayeyarwaddy_Times