ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

ဧရာဝတီတိုင်း၊ တိုးမြစ်အတွင်း၌ မေလပထမအပတ်ကစပြီး စစ်ကောင်စီရေတပ် စစ်သဘ်ောဖြင့် ရေကင်းလှည့်၍ စစ်ဆေးရေးတင်းကြပ်နေမှုကြောင့် ဒေသခံရေလုပ်သားများ ငါးဖမ်းရန်အတွက် အခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်း သိရသည်။

မအူပင်မြို့နယ်ရှိ တိုးမြစ်အတွင်း၌ မေလပထမပတ်ကစ၍ ဒေသခံရေလုပ်သားများအပေါ် စစ်ဆေးရေးတင်းကြပ်ကာ ငွေ တစ်သောင်းကျပ်နှင့် ငါးများ တောင်းခံနေမှုကြောင့် အခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်း ဒေသခံရေလုပ်သားများထံက သိရသည်။

“ စစ်သင်္ဘောတစ်စီးထဲပဲ မြစ်ထဲမှာလိုက်လှည့်နေတာ။ တခါတလေရွာအနားရောက်လို့ကျောက်ချရပ်တာနဲ့တိုးရင် အဲ့ဒီအခါကျရင်ငါးပိုက်ဆွဲလို့မရတော့ဘူး။တကယ်လို့ စစ်င်္ဘောအနားရောက်တာနဲ့ သေနတ်နဲ့အရင်လှမ်းပစ်ပြီးခေါ်တယ်။ ပြီးရင်ပိုက်ဆံတောင်းတယ်။ မပါရင် ဖမ်းထားတဲ့ငါးထဲက နှစ်ပိဿာကနေ ငါးပိဿာလောက်တောင်းပြီးမှ ပြန်လွှတ်တယ်။အဲ့လိုအခါသွားကြုံရင်စားဖို့တောင်မကျန်တော့ဘူး။တကယ့်ကိုဒုက္ခပေးနေတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံရေလုပ်သားတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာလတို့တွင် စစ်သင်္ဘောအသုံးပြုကာရံဖန်ရံခါ ကင်းလှည့်မှုရှိခဲ့သော်လည်း ဒေသခံရေလုပ်သားများအပေါ် ငွေကြေးကောက်ခံခြင်းမရှိခဲ့ပဲ ယခု ၂၀၂၄ခုနှစ်မေလပိုင်းမှစ၍ တကျော့ပြန်ရေကင်းလှည့်ကာစစ်ဆေးမှုတွင် ငွေကြေးကောက်ခံမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ အရင်နှစ်တွေကလည်း စစ်သင်္ဘောတစ်စီးနဲ့လှည့်တာတွေ့တယ်။ အဲ့တာကရံဖန်ရံခါပဲလုပ်တာ။ မနှစ် ဆောင်းရာသီကစပြီးတော့ ပြန်ပြီးလှည့်တယ်။ စစ်ဆေးတာတော့ရှိတယ်။ဘာမှတော့မတောင်းဘူး။ ငါးတွေဘာတွေရှိရင် တောင်းစားတာပဲလုပ်တာ။အတင်းအကျပ် တောင်းတာတော့မဟုတ်ဘူး။ အခုကအရင်ထက်အခြေအနေဆိုးတာ။ သေနတ်နဲ့လှမ်းဖောက်တာတွေပါလုပ်တာ။မြစ်ထဲ သင်္ဘောနဲ့လှည့်ပြီးဓါးပြတိုက်သလိုဖြစ်နေတယ်”ဟု ဒေသခံ ရေလုပ်သားတစ်ဦးက ပြောသည်။

မအူပင်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်နိုဝင်ဘာလမှ ၂၀၂၄ခုနှစ်ဇန်ဝါရီလအထိ ဒေသခံရေလုပ်သား ၃၀ဦးထက်မနည်းကိုအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

#ဧရာဝတီတိုင်း #တိုးမြစ်အတွင်း #စစ်ကောင်စီ #စစ်ဆေးရေးတင်းကြပ် #ရေလုပ်သားများ #အခက်ကြုံ #Ayeyarwaddy_Times