
ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
အညာဒေသတွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု များစွာ ကျူးလွန်ထားပြီး ဆုံရွာ တိုက်ပွဲအတွင်း သေဆုံးမှုဖြစ်စဉ်တစ်ခုကိုသာ စစ်ကောင်စီ လက်ဝေခံ လူမှုရေးအသင်းအဖွဲ့များက တော်လှန်ရေးအဖွဲ့များ၏ လုပ်ရပ်ဟု စွပ်စွဲ၍ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံကျေးရွာ၏ အရှေ့ဘက် ဆုံရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လာရောက် တိုက်ခိုက်ရာတွင် ဒေသခံပြည်သူ ၃၂ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၉ ရက်နေ့က ပျူစခန်းကို တော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ်တွင် ပျူစောထီးအဖွဲ့များမှ အမြင့်ပိုင်းမှနေ၍ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအတွင်း ပိတ်မိနေသည့်ဒေသခံများကို ကယ်ဆယ်ခဲ့သော်လည်း ဒေသခံ ၃၂ ဦးမှာ လက်နက်ကြီး၊ လက်နက်ငယ်များထိမှန်၍ သေဆုံးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ထံက သိရသည်။
ပျူစောထီးတပ်ဖွဲ့များမှ လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးသည့် ဒေသခံပြည်သူများကို စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များမှ အကြောင်းမဲ့ဝင်ရောက် တိုက်ခိုက် သတ်ဖြတ်သည်ဟု ပုံဖော်ကာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ သည်။
စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဧဝံဂေလီခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မက်သဒစ်အသင်းတော် အောက်မြန်မာပြည်၊ သတင်းမီဒီယာ ကောင်စီ၊ ရုပ်ရှင်အစည်းအရုံး၊ ပန်းချီပန်းပုအစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ ဟာသပညာရှင်များအစည်းအရုံး၊ အားကစားမီဒီယာအဖွဲ့ချုပ်၊ ယုံကြည်ခြင်းဧဝံဂေလီ အသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရမ်ကုန်)၊ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ ဟိန္ဒူဖောင်ဒေးရှင်း၊ သန္တနဓမပါလက ဟိန္ဒူအဖွဲ့ချုပ်၊ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ စာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တော ဖွံ့ဖြိုးရေးအသင်းတို့မှ တော်လှန်ရေးတပ်ဖွဲ့များက ပြုလုပ် သည်ဟုဆိုကာ ယခုကဲ့သို့ သတ်ဖြတ်မှုကို ရှုတ်ချကြောင်း မေ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ ဝါဒဖြန် သတင်းစာများမှတစ်ဆင့် သဘောထားထုတ်ပြန်ခဲ့သည်။
မေ ၉ ရက်နေ့ တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် Myingyan Black Tiger-MBT အဖွဲ့၏ ပြောပြချက်အရ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအတွင်းမှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ပါက ထွက်ပြေးလွတ်မြောက်ရန် ကြံစည်သူများကို ပစ်ခတ်သတ် ဖြတ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ထားသည် ဟု သိရသည်။
တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီဘက်မှပစ်ခတ်သည့် လက်နက်ကြီးဒဏ်များမှ ကင်းလွတ်ရန် ဥဒဟို ထွက်ပြေးကြသည့် ဒေသခံများကို အဓိကပစ်မှတ် ထား၍ လိုက်လံပစ်ခတ်ခဲ့ကြောင်း Myingyan Black Tiger-MBT အဖွဲ့ထံက သိရသည်။
“ကျွန်တော်တို့က ဥပဒေအတိုင်းပဲအလုပ်လုပ်တယ်။ ဖမ်းမိတဲ့ ရန်သူကိုတောင် ဥပဒေ အတိုင်းပဲထားတယ်။ အခုလိုဒေသခံပြည်သူကို အကြောင်းမဲ့ သတ်စရာမရှိဘူး။ အဲဒီလိုလုပ်ရပ်လည်း မလုပ်ဘူး။ အဲဒီနေ့က စစ် ကောင်စီနဲ့ပျူတွေက အမြင့်ပိုင်းကနေပြီး လက်နက် ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ရာမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကျွန်တော်အသက်စွန့်ပြီး ကယ်တင်ခဲ့ ပါသေးတယ်”ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကိုပြော သည်။
ယင်းနေ့ မေလ ၉ ရက်နေ့ တစ်ရက်တည်းတွင်ပင် မကွေးတိုင်း ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီက လေကြောင်းမှနေ၍ မီးလောင်ဗုံးများဖြင့် တိုက်ခတ်မှုကြောင့် ဒေသခံများသေဆုံးခဲ့ရသည်.
လက်ရှိတွင် သေဆုံးအလောင်း ၁၆ လောင်းကိုသာ အတည် ပြုနိုင်သေးပြီး ဗုံးဒဏ်ကြောင့်အပျက်အစီးများကြားတွင် ဦးခေါင်း၊ ခြေ၊ လက်၊ ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲခြားမရဘဲ သေဆုံး နေသည့် အလောင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒဏ်ရာရသူ ၂၅ ဦးကိုလည်း လုံခြုံသည့်နေရာသို့ ပို့ဆောင်ကာ ဆေးကုသပေးနေရကြောင်း သိ ရသည်။
ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ်နှစ်ခုတွင် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ YMBA မှအစပြုသည့် အဖွဲ့အစည်း ၂၀ ခန့်မှ အငြင်း ပွားဖွယ်ရာဖြစ်သည့် ဆုံရွာမှဒေသခံများသေဆုံးမှုကို တော်လှန်ရေးတပ်ဖွဲ့များအပေါ် အလုံးစုံပုံချပြီး အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။
ဆောမြို့နယ် အကြည်ပန်းပလွန်းရွာရှိ အပြစ်မဲ့ဒေသ ခံ ပြည်သူများကို စစ်ကောင်စီက ပစ်မှတ်ထား၍ အစု လိုက်အပြုံလိုက် မီးလောင်ဗုံးကြဲချ သတ်ဖြတ်မှုအပေါ်တွင်မူ စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းများမှ ရှုတ်ချကြောင်း သဘောထား ထုတ်ပြန် ခဲ့ခြင်းမရှိပေ။
အလားတူ မေ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ် ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘုန်းကြီး ကျောင်းအတွင်း စစ်ရှောင်နေသည့် ကလေးငယ်များအပါအဝင် လူဦးရေ ၃၀ ကျော်ကို အကြောင်းမဲ့ အစု လိုက်အပြုံလိုက် ဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ဒေသခံများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ အပေါ်တွင် တစ်စုံတစ်ရာ သဘောထား ထုတ်ပြန်ခြင်း မရှိသည်သလို စစ်ကောင်စီ၏ လေကြောင်းမှ အပြင်စစ်ကြောင်းထိုး၍ ဒေသခံများအပေါ်ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများစွာကိုလည်း မျက်ကွယ်ပြုနေကြောင်း တွေ့ရသည်။
“မနက်အစောကြီး ရွာကိုစစ်တပ်က စစ်ကြောင်းထိုးလာတာ။ နှစ်ဖက်ညှပ်ပြီး။ ဘုန်းကြီးကျောင်းထဲစစ်ရှောင်နေတဲ့ ပြည်သူတွေကို ဖမ်းပြီး သေနတ်နဲ့ပစ် သတ်တာ။ လူတွေကိုစုထားပြီးတော့မှ သတ်ထားတာ။ အားလုံး ၃၀ ကျော်တယ်။ အကြောင်းမဲ့ ဝင်သတ်သွားတာဗျာ”ဟု လက်ထုတ္တောရွာခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မေ ၁၁ ရက်နေ့တည်းတွင်ပင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ရာ မကျည်းအုပ်ကျေးရွာကျေးရွာ ဒေသခံခြောက်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ခုနစ် ဦးမှာ သေဆုံးဖွယ်ရှိပြီး ခြေ ထောက်နှင့် လက် ပြတ်ထွက်သွားသူ ငါး ဦးပါဝင် ကြောင်း သိရသည်။
ပုံစာ – စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် မြင်းမူ လက်ထုတ္တော ကျေးရွာမှ ဒေသခံများနှင့် ဒီပဲယင်းမြို့နယ် မကျည်းအုပ်ကျေးရွာတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်ဒေသခံများ
ပုံစာ-စစ်ကောင်စီ လက်ဝေခံ လူမှုရေးအသင်းအဖွဲ့များ၏ ထုတ်ပြန်ချက်များ
#စစ်ကောင်စီကျူးလွန် #အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ #စစ်ကောင်စီလက်ဝေခံ #လူမှုရေးအသင်းအဖွဲ့များ #မသိကျိုးကျွန်ပြု #ဆုံရွာတိုက်ပွဲ #သေဆုံးမှု #တော်လှန်ရေးအဖွဲ့များ #စွပ်စွဲရှုတ်ချ #သဘောထားထုတ်ပြန် #Ayeyarwaddy_Times