ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

စစ်ကောင်စီက အတည်ပြုထားသည့် စစ်မှုထမ်းဥပဒေတွင် ပညာသင်ကြားနေသူများကို စစ်မှုထမ်းရန် ယာယီဆိုင်းငံ့ မည်ဟုဆိုသော်လည်း စစ်ကောင်စီက လက်ရှိ ကျောင်းတက်နေသည့် လူငယ်များကိုပါ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အာဏာတည်ကြောင်း အသက်သွင်းလိုက်သည့် စစ်မှုမထမ်း မနေရ ပြည်သူ့စစ်ဥပဒေတွင် ပညာသင်ကြားနေသူ များသည် စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည် ဟု ထည့်သွင်းဖော်ပြထား‌သော်လည်း စစ်ကောင်စီ ကိုယ်တိုင်က ထားရှိသည့် ဥပဒေကို ချိုးဖောက်ပြီး အခုလက်ရှိ ကျောင်းတက်နေသည့် လူငယ်များကို စစ်သင်တန်းတက်ရန် ခေါ်ဆောင်နေမှုများရှိ ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက ၎င်းတို့ပြဋ္ဌာန်းထားသည့် စစ်မှုမထမ်း မနေရ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် သင်တန်းအပတ်စဉ် (၁) ကို ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက စတင်ကာ စစ်သင်တန်းကျောင်း ၁၅ ကျောင်းဖွင့်လှစ်၍ သင်တန်း ပေးနေပြီး ယခုအပတ်စဉ် (၂ ) အတွက် သင်တန်းများကို လိုက်လံစုဆောင်းနေကြောင်း သိရ သည်။

ယခုအပတ်စဉ် (၂) အတွက် သင်တန်းသားစုဆောင်းရာတွင် မကွေးတိုင်း၊ ရေနံချောင်း မြို့မှ အထက်တန်း အောင်မြင်ပြီး တက္ကသိုလ်တက်ရန် ပြင်ဆင်နေသည့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဝေဖန်ဖော်ပြထားသည်။

ထို့အပြင် စစ်မှုထမ်းရန် သင်တန်းသားသစ်အတွက် ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ် လေးခုမှ လက်ရှိကျောင်းတက် နေဆဲ တက္ကသိုလ်ကျောင်းသားများကိုပါ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“ဟုတ်ပါတယ်။ ပဲခူးအနောက်ခြမ်းမှာ အရွယ်ကောင်း တွေဆိုရင် ကျောင်းသားဖြစ်ဖြစ် ဘာဖြစ်ဖြစ် ‌ဖမ်းခေါ်နေတာ။ လမ်းမှာတွေ့ရင်တောင် ကြောက်နေရတယ်။ အခုလည်း တက္ကသိုဘ်တက်နေတဲ့ ကျောင်းသားလေးတွေကို ခေါ်သွားပြီး စစ်သင်တန်းပို့လိုက်ပြီလို့ သိရတယ်”ဟု ပြည်မြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တပ်သားလိုအပ်ချက်အရ ၎င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေကိုပင် ၎င်းတို့ကိုယ်တိုင်ချိုး ဖောက်ပြီး တက္ကသိုလ်ပညာသင်ယူနေဆဲဖြစ်သည့် ကျောင်းသား လူငယ်များကိုသာ ခေါ်ယူနေသည်သာ မက အထက်တန်းပညာရေးသင်ယူနေသည့် ကျောင်း သားများကိုပါ ပစ်မှတ်ထား၍ တိုက်တွန်းပြောဆိုမှုရှိ နေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကျောင်းသားလူငယ်များကိုပင် လူရည်ချွန်အဖြစ် ရွေးချယ်၍ လူရည်ချွန်စခန်းများနှင့် စစ်ရေးဆိုင်ရာ ပြတိုက်၊ ပြခန်းများသို့ လိုက်ပါပို့ဆောင်ပြီး တိုင်းပြည်အတွက် စစ်မှုထမ်းရန် ကြိုတင်ပြောဆို စည်းရုံးမှုများရှိနေသည်ဟု သိရသည်။

“ကလေးတွေကို ခေါ်သွားပြီး အဲဒီလိုတွေ မိန့်ခွန်းပြော နေတာရှိတယ်။ နောက်ဆို မထည့်တော့ဘူး။ အရွယ်ကောင်းဆိုရင် ခေါ်ထားလိုက်မလားတောင် မသိဘူး”ဟု လူရည်ချွန်ရွေးချယ်ခံရသည့် ရွှေပြည်သာမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယင်းလူရည်ချွန်စခန်းများ၌ တိုင်းချစ်၊ ပြည် ချစ်စိတ်ရှိပြီး နိုင်ငံတော်ကို ကာကွယ်ရန်အတွက် နိုင်ငံ့ သားကောင်းများအဖြစ် စစ်မှုထမ်းကို ထမ်းဆောင်ရ မည်ဖြစ်ကြောင်း စည်းရုံးပြောဆိုမှုများလည်းရှိသည် ဟု သိရသည်။

စစ်ကောင်စီက ပထမအပတ်စဉ်အဖြစ် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ တပ်သားသစ် စုဆောင်းရာတွင် စစ်ကောင်စီလက်ဝေခံများက ပြည်သူများကို အတင်းအဓမ္မ ခြိမ်းခြောက်၍ ပြည်သူများကို အတင်းအဓမ္မငွေညှစ်ခြင်း၊ တပ်သားသစ် အတွက် ငွေကြေးပေးဆောင်ရမည်ဟုဆိုကာ မထည့်မနေရ ငွေ ကြေးတောင်းခံခြင်း များကိုလည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်မှုထမ်းရန် မဲပေါက်သည့်သူနှင့် လက်ဝါး ချင်းရိုက် ငွေကြေးရယူကာ အခြားလူငယ်၊ လူရွယ်များကို အစားထိုးထည့်၍ စစ်သင်တန်းသို့ ပို့ဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအပတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များ၏ အနိုင်ကျင့် ခြိမ်းခြောက်မှုများ ခံနေရကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် အပတ်စဉ် (၁) သင်တန်းတက် ရောက်နေရသူများ

ပုံစာ-၂၀၂၃-၂၀၂၄ လူရည်ချွန်ကျောင်းသားများ နေပြည်တော် စစ်သမိုင်းပြတိုက်တွင် တွေ့ရစဉ်

#စစ်မှုထမ်း #တပ်သားသစ် #လူရည်ချွန်ကျောင်းသားများ #ဖမ်းဆီးခေါ်ဆောင် #Ayeyarwaddy_Times