
ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ စစ်ကောင်စီ၏ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ စစ်မှုထမ်းသင်တန်းသားများထံက မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်း အပတ်စဥ် (၁) တက်ရောက် နေသည့် သင်တန်းသားများမှာ မူးယစ်ဆေးဝါးသုံးစွဲနေသည်ကိုတွေ့ရှိရပြီး အပတ်စဥ် (၂) ရှိ သင်တန်းသားများမှာ မူးယစ်ဆေးဝါး ရောင်းချနေသည်ကို ဖမ်းဆီးရမိခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
“သင်တန်းသားတွေဆီက မူးယစ်ဆေးတွေ့တယ် အပတ်စဥ် (၁) ရော ၊ (၂) ဒါပေမယ့် သင်တန်းသားသစ်တွေကို ဘာမှအရေးယူတာမရှိဘူး။ အရပ်သားတစ်ယောက်ဆီ ကလည်း တပ်ထဲမှာရောင်းနေတာမိသေးတယ်” ဟု ပလောက်မြို့ တပ်မတော်တန်း မြင့်လေ့ကျင့်ရေး ကျောင်းရှိ တပ်ကြပ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ပလောက်မြို့၊ စစ်ကောင်စီ၏ အမှတ် (၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းဝင်းအတွင်း ဝင်ရောက်အလုပ် လုပ်ကိုင်နေသည့် အရပ်သား အလုပ်သမားတစ်ဦးထံကလည်း မူးယစ်ဆေးဝါးအချို့ဖမ်းဆီးရမိပြီး ခံဝန်လက်မှတ် ထိုး၍ လွှတ်ပေးလိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကထံက သိရသည်။
စစ်မှုထမ်းဥပဒေဖြင့် အဓမ္မခေါ်ယူထားသည့် အပတ်စဥ် (၁) ပထမအသုတ်တွင်လည်း ပလောက်မြို့၊ အမှတ် (၁၂) တပ်မ တော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် မူးယစ် ဆေးစွဲသူများ၊ HIV ရောဂါသည်များနှင့် မသန်စွမ်းသူများ၊ လိပ်ခေါင်းရောဂါ သည်များအပြင် မျက်လုံး အားနည်း သူများပါ စစ်သင်တန်းတက်နေရကြောင်းသိရသည်။
စစ်သင်တန်း အပတ်စဥ် (၁) ရှိ သင်တန်းသားများကို လက်ရှိ စစ်သင်တန်း ပေးနေဆဲဖြစ်ပြီး မေလ ၅ ရက်နေ့က ထပ်မံရောက်ရှိလာသည့် အပတ်စဥ်(၂) သင်တန်းသား ၂၃၀ ကျော်ကိုလည်း စစ်သင်တန်းစတင်ပေးရန်ပြင်ဆင်နေပြီး သင်တန်းအပတ်စဥ် တစ်သုတ်လျှင် ၁၂ ပတ်ကြာ စစ်သင်တန်းပေးမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိ ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ စစ်မှုထမ်းဥပဒေကြောင့် သင်တန်းတက်ရောက်နေသူများမှာ အပတ်စဥ် (၁) တွင် သင်တန်းသား ၂၄၈ ဦး၊ ယခုအပတ်စဥ် (၂) တွင် သင်တန်းသား ၁၆၀ ကျော် ရောက်ရှိလာသည့်အပြင် ယမန်နေ့ မေလ ၁၂ ရက်နေ့ကလည်း သင်တန်းသား ၇၅ ဦးထပ်မံရောက်ရှိလာပြီး လက်ရှိတွင် သင်တန်းသားစုစုပေါင်း ၅၀၀ နီးပါးအထိ ရှိလာကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
ပုံစာ-ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ အပတ်စဥ် (၁) သင်တန်းသားများ
#ပလောက်မြို့ #စစ်ကောင်စီ #တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း #စစ်မှုထမ်း #သင်တန်းသားများထံက #မူးယစ်ဆေးဝါးအချို့ဖမ်းမိ #ထပ်မံရောက်ရှိ #Ayeyarwaddy_Times