
ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ကျန်ရှိနေသောဆန်စပါးသိုလှောင်ရုံများ မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီကထပ်မံသတိပေးချက်ထုတ်ပြန်ထားသည်။
စီးပွားဖြစ်လုပ်ကိုင်သော ဆန်တန်ချိန် ၅၀( သို့မဟုတ် ) စပါးတင်း ၅,၀၀၀နှင့် အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များက သိုလှောင်ရုံများကို Myanmar Rice Online တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၉၄ ခု၏ သိုလှောင်ရုံ ၁၉၇ လုံး၊ လူပုဂ္ဂိုလ် ၂၂၁ ဦး၏ သိုလှောင်ရုံ ၄၀၉ လုံး စုစုပေါင်း ၆၀၆ လုံး မှတ်ပုံတင်ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုပြီး ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရန် စီစဉ်နေကြောင်းသိရသည်။
၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဆန် နှင့် ဆန်ထွက်ပစ္စည်း သုံးစွဲနိုင်မှု တန်ချိန် ၁၀ ဒသမ ၃ သန်းရှိမည်ဟုခန့်မှန်ထားပြီး ဆန်လက်ကျန် တန်ချိန် ၉ဒသမ ၁၄ သိန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားကြသည်။
ပြည်တွင်း ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစုမှတ်ပုံတင်ရန် လိုအပ်သည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) – www.myro. com.mm တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်နေကြကြောင်း သိရသည်။
ဓာတ်ပုံ – စီးပွားကူးသန်း
#ဆန်စပါး #သိုလှောင်ရုံမှတ်ပုံတင် #စစ်ကောင်စီထပ်မံသတိပေး #Ayeyarwaddy_Times