ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် မေလ ၈ရက်နေ့မှ ၁၀ရက်နေ့အတွင်းမိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်သောကြောင့် လူနေအိမ်၂၈လုံး၊စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းကြီးကျောင်း နှစ်ကျောင်းပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။

“ခုကာလကမိုးစရွာတာနဲ့လေပြင်းပါတိုက်တတ်တယ် နေအိမ်တွေ ပျက်စီးမှုတွေရှိပေမယ့်လူနဲ့တိရိစ္ဆာန်ထိခိုက်သေဆုံးတာမျိုးတော့မရှိပါဘူး”ဟုဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သောကြောင့် မေလ(၈)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် ကျီးကွင်းကျေးရွာအုပ်စုအတွင်းရှိ အစုကြီးကျေးရွာနှင့် ညောင်တန်းကျေးရွာတို့တွင် လူနေအိမ် (၂၅)လုံးနှင့် ဘုန်းကြီးကျောင်း နှစ်ကျောင်းပြိုကျ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

မေလ(၁၀)ရက် နေ့တွင် ဓနုဖြူမြို့နယ် ကျုံတနော်အရှေ့ ကျေးရွာအုပ်စုတွင် လူနေအိမ် သုံးလုံး၊ကန်ကြီးထောင့်မြို့နယ် ၊ ညောင်ချောင်းကျေးရွာ အလယ်တန်းကျောင်း ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #မိုးသက်လေပြင်းတိုက်ခတ်မှု #လူနေအိမ် #စာသင်ကျောင်း #ဘုန်းကြီးကျောင်းအချို့ ပျက်စီး #Ayeyarwaddy_Times