
အေးစီ/ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဩဂုတ်လ ၆ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီလက်ထက် တနေ့တခြားဆန်ဈေးမြင့်တက်လာလို့ နောက်ပိုင်းမှာ ဒေသခံတွေ ပြောင်းဖူးစားရမယ့်အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖလမ်းမြို့မှာ မေလပိုင်း ကနန်ဧရာမင်းကော်ချက် အမျိုးအစား ဆန် ၁ အိပ်ကို ၅၂၀၀၀ ကနေ ဩဂုတ်လဆန်းပိုင်းမှာ ၆၀၀၀၀ အထိမြင့်တက်သွားတာကြောင့် နောက်ပိုင်းဝယ်ဖို့လွယ်တော့မှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ ခုက ဆန် ၁ အိတ်ကို ၆ သောင်းနဲ့ဝယ်ရတယ်၊ နောက်တပတ်ဆိုရင် ၆၁၀၀၀ လောက်ဖြစ်မယ် နောက်ပိုင်း ဝယ်လို့ရတော့မှာမဟုတ်ဘူး ဆန်ဈေးကတဖြည်းဖြည်းမြင့်လာတော့ ပြောင်းဖူးပဲစားရတော့မယ်”လို့ မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖလမ်းမြို့ကိုတင်ပို့မယ် ကုန်တင်ကားတွေအပါဝင် ဆန်တင်ကားတွေကို စစ်ကောင်စီတပ်က မြို့အဝင်ကနေ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံတာတွေ တားမြစ်တာတွေကြောင့် ခုလိုမျိုး ဈေးနှုန်းအဆမတန် မြင့် တက်လာတာလို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းက မြို့နယ်တွေကို စစ်ကောင်စီက တိုက်ပွဲတွေဖြစ်ပွားချိန်ကစတင်ပြီး ကုန်စည်တင်ပို့မှု ဖြတ်တောက်ထားတာကြောင့် ချင်းပြည်နယ်အတွင်းက ဒေသအများစုမှာ ဆန်အပါဝင် အခြေခံစားသုံးကုန်ဈေး တွေအဆမတန်မြင့်တက်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။