ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
စစ်ကောင်စီတပ်က ၄င်းတို့လက်အောက်က စစ်တက္ကသိုလ် DSA၊စစ်နည်းပညာတက္ကသိုလ်DSTA ၊စစ်ဆေးတက္ကသိုလ် DSMA( အမျိုးသား/အမျိုးသမီး) စစ်ဗိုလ်လောင်းကျောင်းတွေအတွက် ဗိုလ်လောင်းခေါ်ယူမှုကို အချိန်ကာလ ရက်သတ္တပတ် ၂ ပတ် ထပ်မံတိုးမြှင့်တယ်လို့ စစ်ကောင်စီ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ကနဦးခေါ်ယူမှုကို ဇွန်လ ၂၂ ရက်ကနေ စတင်ခေါ်ယူခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့မှာ ဝင်ခွင့်ဖောင်ပိတ်သိမ်းမယ်လို့ကြေငြာခဲ့ပေမယ့် စစ်ကောင်စီတပ်က သြဂုတ်လ ၁၉ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခေါ်ယူခဲ့တာပါ။
” ပထမ သတင်းစာကကြေငြာတာက မနေ့ ၅ ရက်နေ့က နောက်ဆုံးပေါ့နော်။ အခုက ၂ ပတ်ထပ်တိုးပြီးလက်ခံမယ်လို့သိရတယ်။ ဒီစစ်ဗိုလ်သင်တန်းတွေကို တပ်အသိုင်းအဝိုင်းထဲကလေးတွေကိုဘဲ လျှောက်မယ့်သူ တအားနည်းလာတာတွေ့ရတယ်” လို့ မကွေးတိုင်းအတွင်းက တပ်နံပါတ်မဖော်လိုတဲ့ ကပစ တပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ၄င်းတို့ခေါ်ယူနေတဲ့ ဗိုလ်လောင်းဝင်ခွင့်တွေမှာ လာရောက်လျှောက်ထားသူအရေအတွက်ဟာ ၄င်းတို့မျှော်မှန်းထားတဲ့အခြေ အနေထက်ကို အများအပြားလျော့နည်းနေလို့ အခုလိုတိုးမြှင့်တာလို့ CDM တပ်မတော်သားတဦးကသုံးသပ်ပြောဆိုပါတယ်။
” သူတို့ဘက်ကလည်း လျှောက်မယ့်သူနည်းမယ်ဆိုတာ တွက်တော့တွက်ထားလိမ့်မယ်ထင်ပါတယ်။ သူတို့လျှော့တွက်ထားတဲ့အရေအတွက်လောက်ရဲ့ တဝက်လောက်ကို လာမလျှောက်ကြလို့ အခုလိုထပ်တိုးတာလို့ယူဆတယ်ပေါ့နော်။ ဒီ ၂ ပတ်နဲ့တင်ပြီးချင်မှပြီးမှာ လူမ ပြည့်ရင်ထပ်တိုးချင်တိုးနေမှာ” လို့ CDM တပ်မတော်သား Captain Zero က ပြောပါတယ်။
စစ်ကောင်စီတပ်က အခုနှစ် ၂၀၂၂ ဆယ်တန်းစာမေးပွဲအောင်မြင်တဲ့ ကျောင်းသား၊ကျောင်းသူတွေကိုအဓိကထားခေါ်ယူခဲ့တာဖြစ်ပြီး ဗိုလ်လောင်းဝင်ခွင့် အသက်ကန့်သတ်ချက်ကိုလည်း ယခင် အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြားကနေ၊ ၁၈ နှစ် ၆ လအထိ ၆ လထပ်မံတိုးမြှင့်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။
အခုနှစ်အတွက် စစ်ကောင်စီတပ်က DSA အပတ်စဥ် ၆၈ ၊ DSTA နဲ့ DSMA အတွက် အပတ်စဥ် ၂၉ ဖြစ်ပြီးတော့ DSMA အမျိုးသမီးအတွက် အပတ်စဥ် ၁ ကို စတင်ခေါ်ယူတာဖြစ်ပါတယ်။
ပြီးခဲ့နှစ် ၂၀၂၁ ခုနှစ် ဗိုလ်လောင်သင်တန်းတွေခေါ်ယူမှုမှာလည်း ကိုဗစ်ကာလကိုအကြောင်းပြပြီး ဝင်ခွင့်လျှောက်ထားရမယ့်နောက်ဆုံးရက်ကို ၁လ ၂ကြိမ်တိုးမြှင့်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီလက်အောက် ယခုနှစ် ၂၀၂၂ ကျောင်းသား တွေဟာ အချိန် ၅ လနဲ့ တက်ရောက်အောင်မြင်လာကြသူတွေဖြစ်ပြီးတော့ အခုနှစ် ဆယ်တန်းအောင်မြင်တဲ့ ကျောင်းသူတွေကို အမျိုးသမီးစစ်ဆေးတက္ကသိုလ်စတင်ခေါ်ယူတဲ့အပေါ်လည်း ဝေဖန်မှုတွေရှိနေပါတယ်။