ကြယ်စင်/ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဩဂုတ်လ ၆ ရက်

ပဲခူးတိုင်း၊ သာယာဝတီမြို့မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက အရပ်သားအစိုးရ လက်ထက်က လယ်သမားတွေကို ထုတ်ချေးခဲ့တဲ့ ကိုဗစ်ချေးငွေတွေကို အတင်းအကြပ်ပြန်တောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း လယ်သမား တဦးကို ငွေ ၅ သိန်းချေးပေးခဲ့တာတွေကို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက အတင်းအကြပ်လာရောက်တောင်းခံနေတာလို့ ဒေသခံတွေ က ပြောပါတယ်။

“ ခုက စပါးစိုက်ပျိုးမှုကတော်တော်လေးကျဆင်းလာတယ် တချို့ဆိုသူတို့လာတောင်းတဲ့အချိန်မပေးနိုင်လို့ အဖမ်းခံဖို့ စောင့်နေတာတွေလည်းရှိတယ်”လို့ ဒေသခံလယ်သမားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သာယာဝတီမြို့နယ်ထဲက ရွာလေးတောကျေးရွာမှာ ဒေသခံလယ်သမား ၅၀ ကျော်ရှိပြီး အဲ့အထဲက ကိုဗစ်ချေးငွေပြန်ဆပ်နိုင်တဲ့သူဟာ တဦးသာရှိသေးတယ်လို့ဆိုပါတယ်။

ရွာလေးတောကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး အများစုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ရပ်တည်သူတွေ ဖြစ်ကာ ကိုဗစ်ချေးငွေပြန်မပေးနိုင်တဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။