ညီညီမင်း/ဧရာဝတီတိုင်းမ်
(မြန်အောင်)၊ သြဂုတ်လ ၆ ရက်
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရေတွင်းကုန်းကျေးရွာက ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းမှာ ယမန်နေ့ သြဂုတ်လ(၅)ရက်နေ့ ည(၁၁)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားပြီး ကိုရင် (၂) ပါး နှင့် ကျောင်းသား (၂) ဦးမှာ မီးထဲပါအသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကျောင်းက၂ထပ်အုတ်ကျောင်း မီးလောင်တယ်ကြားလို့ ရွာကသွားကြည့်တော့ အပေါ်ထပ်ရောအောက်ထပ်ရော တအားလောင်နေပြီ။
ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင် ၁ ပါး၊ကျောင်းသား ၁ ဦးပဲ ရေပိုက်ကနေလျောဆင်းလို့လွတ်သွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရေတွင်းကုန်းဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် အပါအ၀င် ကိုရင် ၃ပါး၊ ကျောင်းသား ၃ ဦး ရှိနေပြီး မီးလောင်မှုမှာ ကိုရင် ၂ ပါးနဲ့ ကျောင်းသား ၂ ဦး မီးလောင်ကာသေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မီးငြိမ်းတော့ အလောင်းတွေတောင်ပြာကျနေပြီ။ ကိုရင်တွေက ပညာဘိဝေသ ( ၁၃ ) နှစ် ၊ ရှင်ဇဝန ( ၁၀ )နှစ်၊ ကျောင်းသား ( ၂ ) ဦး ကတော့
မောင်ကျော်ကျော် ( ၁၇ )နှစ် မောင်မိုးသက်နိုင် ( ၅ ) နှစ် တို့ မီးထဲပါသွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ မီးလောင်ရတဲ့အကြောင်းအရင်းကို မသိရသေးပဲ စစ်ကောင်စီတပ် နဲ့ ရဲတွေရောက်ရှိနေပြီး စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။