
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
မြန်မာ့အကျပ်အတည်းကို စူပါမင်းပင်လျှင် ဖြေရှင်းနိုင်မှာ မဟုတ်ဖူးလို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က ဒီကနေ့ ဝန်ခံလိုက်ပါတယ်။
“ကျွန်တော်က အထူးကိုယ်စားလှယ်တစ်ယောက်သာဖြစ်ပါတယ်။ စူပါမင်းတောင် မြန်မာ့ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ပရတ်ခ်ဆိုခွန်က ဒီကနေ့ ဖနောင်ပင်မြို့တော်မှာ သတင်းထောက် တွေကို ပြောကြားပါတယ်။
ထင်ရှားတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှစ်ဦး အပါအဝင် အကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက် မှုနဲ့ပတ်သက်လို့ မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပမာမခန့်လုပ်မှုအပေါ် အာဆီယံအဖွဲ့အ တွင်း အမျက်ဒေါသထွက်နေကြပါတယ်။
“ပြဿနာတွေကို အစည်းအဝေးတွေပြုလုပ်ခြင်းအားဖြင့် မဖြေရှင်းနိုင်ပါဘူး။ မြန်မာ့အရေးလိုမျိုး ပြဿနာတွေက စေ့စပ်ညှိနှိုင်းဖို့ နှစ်ချီ ကြာမြင့်ပါတယ်။ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက် ပြီးတာနဲ့ လူတွေကစိတ်မရှည်ဘဲရလဒ်တွေမေးနေကြတယ်” လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ၄င်းက ဆိုပါတယ်။
စက်တင်ဘာလအစောပိုင်းမှာ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်ဖွယ်ရှိတယ်လို့ ၄င်းက ဆိုပြီး ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ခြင်းတိုးတက်မှုကို လေ့လာမယ်လို့ ပြောပါတယ်။
ကြိုးပေးကွက်မျက်မှုတွေ ထပ်မံပြုလုပ်မယ်ဆိုရင် ပြန်လည်သုံးသပ်ရမယ့်အရာတွေရှိတယ်ဆိုတာ လူသိ ရှင်ကြား ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုဝင်ဘာလမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီအပေါ် ခိုင်လုံသော အရေးယူမှုတွေ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန် ပြီးနောက် သူက အခုလို မှတ်ချက်စကား ပြောကြားခဲ့တာပါ။
အာဆီယံ အထူးကိုယ်စားလှယ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်ပြုရမယ်လို့ အဲဒီထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိ ရင် မြန်မာနိုင်ငံက အာဆီယံအဖွဲ့မှ ဆိုင်းငံ့တာကို ရင်ဆိုင်ရနိုင်တယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ မလေးရှား နိုင်ငံက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – ပုံဟောင်း(လူမှုကွန်ယက်)
ကိုးကား – AFP
Ref; Not even Superman can fix Myanmar crisis, regional envoy says