
ဧရာဝတီတိုင်းမ်
မေ ၁၂ရက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူနမ်ခန်းရှိ စစ်ကောင်စီစခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
KIA တပ်မဟာ (၂) ဒေသတွင်ရှိသော ရွှေမှော်အနီး အခြေစိုက်ထားသည့် စစ်ကောင်စီ စခန်းကို ယမန်နေ့ မေ ၁၁ရက် နံနက် ၆နာရီ ၃၀မိနစ်ခန့်တွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“အဲဒီ့စခန်းက ရွှေမှော်ထဲက လုပ်ငန်းတွေကို အခွန်ကြေးကောက်ဖို့ရှိနေတာ။ သူတို့တပ်လာစွဲကတည်းက ရွာမှာ လူတွေမရှိတော့ဘူး။ စစ်ကောင်စီနဲ့ ရွှေတူးတဲ့လူတွေရယ် ဈေးသည်တွေရယ်ပဲ ရှိမယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နမ်ဗျူနမ်ခမ်းရှိ စစ်ကောင်စီစခန်းသည် တနိုင်းမြို့နယ်၊ နောင်လုံကောင်ရာရွာ အနောက်ဘက်၊ နမ်ဗျူနမ်ခမ်း ရွှေမှော်အနီး အခြေစိုက်ထားသော စစ်စခန်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇ က စစ်ကောင်စီဝင်ရောက်တပ်စွဲစဉ်တွင် ကျေးရွာရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်သွားကြပြီး စစ်စခန်းနှင့် ရွှေမှော် လုပ်ငန်းလုပ်ကိုင်သူအချို့သာ ရှိကြောင်း သိရသည်။
“စခန်းကို ၆နာရီခွဲလောက်က စတိုက်တယ်ပြောတယ်။ လက်နက်ကြီးသံတွေကြား ရတယ်။ အပြန် အလှန် ဖြစ်ကြတယ်ပြောတယ်။ KIA ဝင်တိုက်တာကို စစ်တပ်က ပြန်ကာပစ်နေတယ်တဲ့။ နာရီအတော်ကြာ ပစ်ခတ်သံတွေကြားရပါတယ်” ဟု တနိုင်း ဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် KIAက မြစ်ကြီးနား- ဗန်းမော်၊ လွယ်ဂျယ်၊ မိုးမောက်၊ ဖားကန့်၊ ဝိုင်းမော် မြို့နယ်များရှိ စစ်ကောင်စီ၏ စစ်စခန်းပေါင်း ၇၀ကျော်ကို သိမ်းပိုက်ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။
ပုံစာ-KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များ
#တနိုင်း #စစ်ကောင်စီ #နမ်ဗျူနမ်ခမ်း #KIA #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times